ဝှိုက်​ကတ်​တွေ မဲ​ပေး​ခွင့် ရှိ​လား ဖွဲ့​စည်း​ပုံ ခုံ​ရုံး​တ​င်မယ်

  • 8 ဖေဖော်ဝါရီ 2015
hluttaw_parliament_myanmar_ ဓာတ်ပုံ မူပိုင် AFP
Image caption ဖေဖေါ်ဝါရီ လဆန်း ကပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တွေ လုပ်တဲ့ အခါ ဝှိုက်ကတ် ကိုင်ဆောင်သူ တွေ မဲပေးခွင့် ရှိရမယ် လို့ လွှတ်တော်က အခု လက်ရှိ ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမယ် ဆိုရင် ဝှိုက်ကတ်လို့ ခေါ်တဲ့ နိုင်ငံသား စိစစ်ဆဲ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူတွေ မဲပေးခွင့် ရှိတယ် ဆိုတဲ့ ပြည်ထောင်စု လွှတ်တော် ရဲ့ ဆုံးဖြတ်ချက် ကို ဖွဲ့စည်းပုံ ခုံရုံးကို ပေးပို့ပြီး အဆုံးအဖြတ် ခံယူဖို့ အမျိုးသား လွှတ်တော် က လုပ်ဆောင် နေတယ် လို့ NLD ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောပါတယ်။

NLD ပါတီ အနေနဲ့လည်း ဖွဲ့စည်းပုံ ခုံရုံးရဲ့ အဆုံးအဖြတ် ကို စောင့်နေတယ် ဆိုပြီး ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဦးဝင်းမြင့်ရဲ့ အဆိုအရ ၂၀၁၀ နဲ့ ၂၁၀၁၂ ရွေးကောက်ပွဲ ကာလတွေ က မြန်မာ နိုင်ငံမှာ လက်ရှိ သတ်မှတ်ထားတဲ့ နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား နဲ့ နိုင်ငံသား စိစစ်ဆဲ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ အားလုံး နိုင်ငံရေး ပါတီ တည်ထောင်ခွင့် နဲ့ မဲပေးခွင့် ရှိခဲ့ တယ်လို့ ဦးဝင်းမြင့် က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေ ကို ပြင်ဆင် တဲ့အခါ နိုင်ငံသား တမျိုးတည်း ကိုသာ ပါတီထောင်ခွင့် ပေးဖို့ သမ္မတ မှတ်ချက်နဲ့ ဥပဒေ ပြင်ဆင် ပြဌာန်းခဲ့တယ် လို့ ဦးဝင့်မြင့် က ရှင်းပြပါတယ်။

ဝှိုက်ကတ် ကိုင်ဆောင်သူ တွေ အနေနဲ့ မဲပေးပိုင်ခွင့် မရှိ ကြောင်း လွှတ်တော်က ဆုံးဖြတ် ခဲ့တဲ့ အခါ မှာတော့ သမ္မတ က မဲပေးခွင့် ရှိသင့်တယ် ဆိုတဲ့ သဘောထား မှတ်ချက် နဲ့ လွှတ်တော်ကို ပြန်လည် ပေးဖို့ ခဲ့ကြောင်း ဦးဝင်းမြင့်က ဆိုပါ တယ်။

အဲဒီနောက် ဖေဖေါ်ဝါရီ လဆန်း ကပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တွေ လုပ်တဲ့ အခါ ဝှိုက်ကတ် ကိုင်ဆောင်သူ တွေ မဲပေးခွင့် ရှိရမယ် လို့ လွှတ်တော်က အခု လက်ရှိ ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။

ဒါတွေကို ကြည့်ရင် ဝှိုက်ကတ် ကိုင်ဆောင် သူတွေ ရဲ့ နိုင်ငံသား အဆင့်အတန်း ကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ နဲ့ အခွင့်အရေး ကို သတ်မှတ်ဖို့ အစိုးရရဲ့ သဘောထား လည်း ပြတ်ပြတ်သားသား မရှိတာ တွေ့ရပြီး ဖွဲ့စည်းပုံ ခုံရုံး ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ လိုတယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ အတွင်းရေးမှူး လည်း ဖြစ်တဲ့ ဦးဝင်းမြင့် က ပြောပါတယ်။

တည်ဆဲ ဥပဒေတွေ အရ နိုင်ငံသား စိစစ်ဆဲ ယာယီ သက်သေခံ လက်မှတ် ဝှိုက်ကတ် ကိုင်ဆောင် သူတွေ မဲပေးခွင့် ရှိကြောင်း အငြင်းပွားဖွယ် မရှိ ဆိုပြီး NLD ရဲ့ ဥပဒေ အထောက် အကူပြု အဖွဲ့ထဲ ပါတဲ့ တရားရုံးချုပ် ရှေ့နေ ဦးကိုနီ ရဲ့ အရေးအသား တွေ ဟာ ပုဂ္ဂလ သဘောထား ဖြစ်ပြီး NLD အနေ နဲ့ ဝှိုက်ကတ် ကိုင်ဆောင်သူ တွေ မဲပေးပိုင် ခွင့် အပေါ် ဖွဲ့စည်းပုံ ခုံရုံး ရဲ့ အဆုံးအဖြတ် ကို စောင့်မှာ ဖြစ်တယ် လို့ ဦးဝင်းမြင့် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ