ဝှိုက်ကတ် မဲပေးခွင့် မရရေး ဆန္ဒမပြ ဖြစ်သေး

  • 8 ဖေဖော်ဝါရီ 2015
hluttaw ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် က ဝှိုက်ကပ်တွေ မဲထည့် ခွင့်ပေး

ဒီကနေ့မှာ ယာယီ သက်သေခံ လက်မှတ် မဲပေးခွင့် ပယ်ဖျက်ရေး ( White Card Campaign) ကော်မတီ ကနေ ဝှိုက်ကတ် ကိုင်ဆောင် ထားသူ တွေကို လွှတ်တော် ကနေ မဲပေးခွင့်ပြုမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို တနိုင်ငံ လုံး အတိုင်းအတာ နဲ့ ဆန္ဒပြမယ် လို့ စီစဉ် ခဲ့ပါတယ်။

အခု ဒီအစီအစဉ် ကို ယာယီ ရပ်နား လိုက်တယ် လို့ သိရပါတယ်။

သာသနာရေး ဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတော် သမ္မတရုံး ဒုဝန်ကြီး ဦး ကျော်ကျော်ဝင်း နဲ့ လဝက ညွှန်မှူး ဦးမောင်မောင်သန်း တို့က လာရောက် ညှိနှိုင်းတဲ့ အတွက် ဖြစ်တယ် လို့ ပြည်ထောင်စု သက်သေခံ လက်မှတ် မဲပေးခွင့် ပယ်ဖျက်ရေး ကော်မတီ ပြောရေး ဆိုခွင့် ရှိသူ ဆရာတော် ဦး ပါမောက္ခ က ပြောကြားပါတယ်။

နိုင်ငံတော် သမ္မတရုံး ကနေ ဖေဖော်ဝါရီလ ၁ဝ ရက် နေ့ မတိုင်မီ ဝှိုက်ကတ် ကိုင်သူတွေ မဲထည့်ခွင့်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးမှာ လို့ ဆိုပါတယ်။

အဲဒီ ထုတ်ပြန်ချက် မျှော်လင့်သလို ဖြစ်မလာဘူး ဆိုရင် ၁၁ ရက်နေ့ ကစပြီး ဆန္ဒပြမယ်၊ လွှတ်တော် ရှေ့ ဆန္ဒပြတဲ့ အထိ သူတို့ ဆောင်ရွက် သွားမယ် လို့ ဆရာတော် ဦး ပါမောက္ခ က မိန့်ကြားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ က ပြည်သူ့ လွှတ်တော် မှာ ဝှိုက်ကတ် လို့ လူသိများ တဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ တွေကို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ မှာ မဲထည့် ခွင့်ပြု မပြု မဲခွဲ ဆုံးဖြတ် ရာ မှာ ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ဦး နဲ့ မဲထည့်ခွင့် ပြုဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အဲသလို ဆုံးဖြတ်ချက်တွေ ထွက်လာ ပြီးနောက် နိုင်ငံသား မဟုတ်တဲ့ ဝှိုက်ကတ် ကို ဆောင်သူ တွေ ကို မဲပေးခွင့် ပြုမှာ ကို ကန့်ကွက် မှုတွေ ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့မှာတော့ ဖေဖော် ဝါရီလ ၄ ရက်နေ့ ကတည်းက ပိုစတာ တွေ လိုက်ကပ် နေပြီး ၁၅ ရက်နေ့မှာ တပြည်နယ်လုံး ဆန္ဒ ပြဖို့ စီစဉ် နေတယ်လို့ ရခိုင် အမျိုးသမီး ကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ