ပညာရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ဗုဒ္ဓဟူးနေ့ စမယ်

  • 9 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Dr Thein Lwin FB
Image caption ပြင်ဆင်ရေးမှာ အဓိက ပါဝင် ဆောင်ရွက် နေတဲ့ NNER က ဒေါက်တာ သိန်းလွင် ကို NLD က ပါတီ တာဝန် ရပ်ဆိုင်း

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင် ရေး အတွက် ၄ ပွင့်ဆိုင် ဆွေးနွေး ပွဲကို လာမယ့် ဖေဖေါ်ဝါရီ ၁၁ ရက် ဗုဒ္ဓဟူး နေ့မှာ ဆွေးနွေး ဖို့ အတွက် သဘောတူ လိုက်ကြပြီ ဖြစ်ပါတယ်။

ကျောင်းသား ကိုယ်စားလှယ် တွေနဲ့ နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် NNER က ဒေါက်တာ သိန်းလွင် ဦးဆောင်တဲ့ ကိုယ်စားလှယ် တွေ၊ ပညာရေး ဒုတိယ ဝန်ကြီး ဦးသန့်ရှင်း တို့ တနင်္လာ နေ့က ရန်ကုန် မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး ဒီလို သဘောတူ ခဲ့ ကြတာပါ။

ဒီ လေးပွင့်ဆိုင် ဆွေးနွေး ပွဲကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ခန်းမမှာ ကျင်းပမှာ ဖြစ်ပြီး ကျောင်းသား ကိုယ်စားလှယ် ၂၀ ဦး NNER က ကိုယ်စားလှယ် ၂၀ ဦး ပါဝင်ဖို့ သဘော တူခဲ့ ကြပါတယ်။

ကြားဝင် ညှိနှိုင်း ပေးမယ့် သူ အဖြစ် အစိုးရနဲ့ လွှတ်တော် ဘက်က တဦး၊ ကျောင်းသားနဲ့ NNER ဘက်က တဦး၊ စုစုပေါင်း၂ ဦး ထားရှိ ဖို့ကို လည်း သဘောတူ ခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲ နေ့ကျရင် သပိတ်မှောက် ကျောင်းသားတွေ ရန်ကုန်ကို မဝင် စေဖို့ ကိုလည်း နှစ်ဘက် သဘောတူ ခဲ့တယ်လို့ အကြို ညှိနှိုင်း ပွဲ တက်ရောက် ခဲ့တဲ့ NNER က ကိုစိုးထွန်းက ဘီဘီစီကို ပြောပါ တယ်။

ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် အဓိက ပါဝင် ဆောင်ရွက် နေတဲ့ NNER က ဒေါက်တာ သိန်းလွင် ကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဗဟိုကော်မတီဝင် အဖြစ်နဲ့ အရံ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ကပါ ရပ်ဆိုင်း လိုက်ပါပြီ။

ဒါဟာ ပါတီ စည်းကမ်းတွေကို ချိုးဖေါက်လို့ ဆိုပြီး NLD ကနေ တနင်္လာနေ့ မှာပဲ ကြေညာ ချက် ထုတ်ပြန် လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ