ကိုးကန့်အဖွဲ့က အစိုးရတပ်ကို တိုက်ခိုက်

  • 9 ဖေဖော်ဝါရီ 2015
Laukkaing Map
Image caption လောက်ကိုင် မြေပုံ

ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် လက်နက်ကိုင် အဖွဲ့က ရှမ်းပြည်နယ် အရှေ့ပိုင်း လောက်ကိုင်မြို့ အရှေ့ဘက် တရုတ် နယ်စပ် အနီး အစိုးရ စစ်တပ် စခန်း တစ်ခုကို ဖေဖော်ဝါရီလ ၉ ရက် မနက်က ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။

လောက်ကိုင်မြို့နယ် မိုးထိုင်းက ဒေသကွပ်ကဲရေး တပ်စခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကြီးကြီးကျယ်ကျယ် တိုက်ခိုက်မှုတော့ မဟုတ်ကြောင်း အဲဒီ ဒေသက တပ်မှူးတချို့ ပြောကြားတာကို ကိုးကားပြီး ဟိုပန်ပြည်သူ့လွှတ်တော်အမတ် ဦးကျင်ဝမ်းက ပြောပါတယ်။

နှစ်ဘက် ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်လို့တော့ အသေးစိတ် မသိရသေးပါဘူး။

ကိုးကန့် အဖွဲ့ အတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ငြိမ်းချမ်းရေး ယူထားတဲ့ ဦးဖုန်ကြားရှင် ထိန်းချုပ်ရာ ကိုးကန့်ဒေသကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အစိုးရက သိမ်းပိုက်ပြီး သူ့ကို မောင်းထုတ် ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ် ၂ နှစ်အတွင်းမှာ အင်းအားပြန်စုပြီး မဟာမိတ်တပ်အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့တယ်လို့ တိုင်းရင်းသား အရေးသတင်းတွေ တင်ပြနေတဲ့ ရှမ်းသံတော်စဉ့် အယ်ဒီတာချုပ် စိုင်းရိဖုန်းမူးယန်းက ပြောပါတယ်။

အဲဒီနယ်ကို သူပြန်တိုက်ယူမယ်လို့ ဦးဖုန်ကြားရှင်က မကြာသေးခင်ကပဲ Global Times သတင်းစာကို ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ