လက်ပံတောင်းစီမံကိန်း ရပ်တန့်ဖို့ AI တောင်းဆို

  • 10 ဖေဖော်ဝါရီ 2015
Letpadaung Protests ဓာတ်ပုံ မူပိုင် burmese
Image caption လက်ပံတောင်း စီမံကိန်း ဒေသမှာ မြေသိမ်းခံရသူ တွေရဲ့ မကျေနပ်မှုတွေ ရှိနေဆဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး တချို့က နိုင်ငံတကာ ဥပဒေကိုတောင် ချိုးဖောက်နေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့် အဖွဲ့ AI က ပြောဆိုလိုက်ပါတယ်။

လက်ပံတောင်း စီမံကိန်း ဒေသမှာ လူ့အခွင့် အရေးချိုးဖောက် မှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာ အခြေအနေတွေကို မဖြေရှင်း နိုင်သေးခင် စီမံကိန်းကို ရပ်ဆိုင်း ထားဖို့လည်း AI က မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

အစိုးရရော ကုမ္ပဏီတွေ ဘက်ကပါ ဒီစီမံကိန်းကို ရပ်ဆိုင်းထားဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒီပြဿနာတွေကို မဖြေမရှင်းသေးဘဲနဲ့ စီမံကိန်းကို ဆက်သွားရင် အန္တရာယ် အလွန်ကြီးတယ်၊ နောက်ထပ် အဓမ္မ ရွှေ့ပြောင်းခိုင်းတာတွေ ရှိလာနိုင်သလို ဒေသခံတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ကုမ္ပဏီတွေကြားမှာ အဓိကရုဏ်းတွေ ဆက်လက် ဖြစ်လာနိုင်ဖွယ် ရှိတဲ့ အတွက် ဒီစီမံကိန်းကို ရပ်ထား သင့်တာဖြစ်တယ်လို့ အစီရင်ခံစာ ရေးသားသူ AI ရဲ့ ကော်ပိုရိတ် ရာဇဝတ်မှုများ ဆိုင်ရာ သုတေသီ Meghna Abraham က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ စာမျက်နှာ ၁၆၂ မျက်နှာပါ အစီရင်ခံစာထဲမှာ ဒေသခံတွေကို အဓမ္မ ရွေ့ပြောင်းခိုင်းတာ၊ ရဲဘက်က အင်အား အလွန်အကျွန်သုံး နှိမ်နင်းတာ၊ သဘာဝ ပတ်၀န်ကျင် ပျက်စီးတာနဲ့ ဒေသခံတွေကို လျော်ကြေးအလုံအလောက်မပေးတာ တွေကို ထောက်ပြ ဝေဖန်ထားပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ AI အဖွဲ့ဟာ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်း တစ်ခုသာ ဖြစ်ပြီး အချုပ်အခြာအာဏာပိုင် မြန်မာ နိုင်ငံကို အကြံပြု တိုက်တွန်း တာကလွဲရင် ဘာလုပ်သင့်တယ် ဆိုတာ တောင်းဆိုလို့ မရဘူးလို့ တုံ့ပြန်ပါတယ်။

ဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းရဲ့ တောင်းဆိုမှုကိုမှ မြန်မာ အစိုးရက လိုက်လျောစရာအကြောင်း မရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အစိုးရ အနေနဲ့ အရင် အစိုးရ လက်ထက် ကတည်းက စီမံကိန်း နယ်မြေ အဖြစ် သိမ်းထားခဲ့တဲ့ ဖြတ်သန်း သွားလာခွင့်မရှိ၊ တားမြစ်ထားတဲ့ နေရာဖြစ်တဲ့ အတွက် ပဋိပက္ခမှာ ပါဝင်သူတွေရဲ့ ဥပဒေ လိုက်နာမှု ကိုလည်း AI အဖွဲ့က ထည့်သွင်း စဉ်းစားဖို့ သင့်တယ်လို့ သူကပြောပါတယ်။

ရိုးသားတဲ့ လယ်သမားတွေကို နောက်ကွယ်ကနေ မြှောက်ပေးနေသူတွေကြောင့် ပြဿနာတွေ ဖြစ်ရတာလို့ အစိုးရ ဘက်က တရားဝင် ပြောထားပြီးဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ