MNDAA နဲ့ အစိုးရတပ် အကြား တိုက်ပွဲ ပြင်းထန်

  • 10 ဖေဖော်ဝါရီ 2015

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် ဒေသ အခြေစိုက် မြန်မာနိုင်ငံ တိုင်းရင်းသားများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တပ်ဖွဲ့ တွေနဲ့ အစိုးရ တပ်တွေ အကြား အင်္ဂါနေ့ မနက်ပိုင်းက လောက်ကိုင် ဒေသ မြောက်ဘက် နေရာ ၂ ခုမှာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ ပါတယ်။

အစိုးရ ဘက်က တိုက် လေယာဉ်နဲ့ တိုက်ခိုက်တဲ့ အထိ တိုက်ပွဲ ပြင်းထန် ခဲ့ပြီး MNDAA ဘက်က ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိ သွားတယ်လို့ MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဘီဘီစီကို ပြောပါတယ်။

ရဟတ် ယာဉ်တွေ တိုက် လေယာဉ် တွေနဲ့ အစိုးရ တပ်ဘက်က လာရောက် ဗုံးကြဲ တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အစိုးရ တပ်ဘက်က ထိခိုက် ဒဏ်ရာ အကျ အဆုံး ရှိမရှိ ကိုတော့ မသိရသေးပါ။

အင်တာနက် စာမျက်နှာ သတင်း တချို့ မှာတော့ တာရွှေထန် ရဲစခန်းကို မနက်တုန်းက ဝင်တိုက်လို့ ရဲစခန်း ကျသွားပြီး ရဲ ၂ ယောက် - ၃ ယောက် သေဆုံး တယ်ဆိုပြီး ရေးသား ဖေါ်ပြ ကြပါတယ်။

လောက်ကိုင်က ခရိုင် အဆင့် ရဲတပ်ဖွဲ့ အရာရှိနဲ့ အုပ်ချုပ်ရေး ဘက်က သူတွေကို မေးကြည့်တော့ ရဲစခန်း တခုမှ အတိုက် မခံရ သလို ထိခိုက် သေဆုံး မှုလည်း မရှိဘူး လို့ ပြောပါတယ်။

တရုတ် နိုင်ငံ ဘက်ကို ဒုက္ခသည် တချို့ ထွက်ပြေး သွားတာ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ အမျိုး သမီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆွေးနွေး အဖြေရှာ ဖို့ကိုလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တိုက်တွန်း သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ