ကျောင်းသားတွေ တောင်းဆိုချက် အများစုကို အစိုးရသဘောတူ

  • 11 ဖေဖော်ဝါရီ 2015
students
Image caption ရန်ကုန်တိုင်း လွှတ်တော်အတွင်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး

ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နဲ့၊ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER တို့ရဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဆွေးနွေးပွဲမှာ ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်လုံးကို အစိုးရဘက်က မူအရ လက်ခံသဘောတူခဲ့ပါတယ်။

ပညာရေးအတွက်သုံးငွေကို ၂၀ ရာခိုင်နှုန်း အသုံးပြုရေး အချက်နဲ့ အလယ်တန်းပညာ မသင်မနေရ အခမဲ့ ပညာရေး သတ်မှတ်ပြဋ္ဌာန်းရေးတို့မှာ နှစ်ဘက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပါတယ်။

ပညာရေးစရိတ် ၂၀ ရာခိုင်နှုန်း အသုံးပြုရေးကို အစိုးရဘက်က သဘောမတူတဲ့ အတွက် ၅ နှစ်အတွင်းမှာ ၂၀ ရာခိုင်နှုန်းအထိရောက်အောင် မြှင့်တင်အသုံးပြုသွားမယ်ဆိုတဲ့အချက်ကို ကျောင်းသားတွေဘက်က လိုက်လျော သဘောတူခဲ့ပါတယ်။

မသင်မနေရ အခမဲ့ပညာရေးကို အလယ်တန်းအဆင့်ထိ သတ်မှတ်ပြဋ္ဌာန်းရေးကိုတော့ အစိုးရဘက်က လိုက်လျောသဘောတူခဲ့ပါတယ်။

သပိတ်မှာ ပါဝင်သူ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ထောက်ခံအားပေးသူတွေကို သပိတ်ကို အကြောင်းပြုပြီး အရေးယူတရားစွဲဆိုခြင်းမလုပ်ဖို့ကိုလည်း အစိုးရဘက်က သဘောတူခဲ့ပါတယ်။

သပိတ်လှန်ရေးကိစ္စကတော့ ညနေပိုင်းမှာ နောက်ဆုံးနဲ့ အချိန်အကြာမြင့်ဆုံးဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရခဲ့လို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဆက်လက်ဆွေးနွေးဖို့ ရွှေ့ဆိုင်းခဲ့ကြပါတယ်။

အစိုးရက တောင်းဆိုချက် အားလုံးကို လိုက်လျောပြီးဖြစ်တဲ့ အတွက်သပိတ်တွေ ချက်ချင်းလှန်ဖို့တောင်းဆိုပါတယ်။

ကျောင်းသားတွေကတော့ အစိုးရက သဘောတူထားတဲ့ သဘောတူညီချက်တွေကို လွှတ်တော်ထဲရောက်ရင် ပယ်ချမှာကို စိုးရိမ်ကြတဲ့အတွက် ဥပဒေမထွက်မချင်း သပိတ်မလှန်နိုင်ဘူးလို့ တင်းခံနေကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာဆွေးနွေးခဲ့ကြပြီး ဆွေးနွေးဖက် တအုပ်စုကို လူအယောက် ၂၀ ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။