ငြိမ်းချမ်းရေး ကတိ ၄ ဖွဲ့လက်မှတ်ထိုး

  • 12 ဖေဖော်ဝါရီ 2015
Union Day ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတနဲ့ တိုင်းရင်းသား အဖွဲ့တွေ ပြည်ထောင်စု နေ့မှာ တွေ့ဆုံ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ကျရောက်တဲ့ ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကတိပြုချက်ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်နေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ ၁၃ ဖွဲ့ထဲမှာ RCSS ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် စတဲ့ တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြ တာ ဖြစ်ပါတယ်။

လောလောဆယ် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ NCCT တတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့အပစ်ရပ် ညှိနှိုင်းရေး အဖွဲ့တို့ရဲ့ ဆွေးနွေးမှုတွေမှာ အရေးကြီး အချက်တချို့ကလွဲရင် အတော်ခရီးရောက်နေပြီဖြစ်လို့ အဲဒီ လမ်းကြောင်း အတိုင်းပဲ ဆက်သွားချင်တယ်လို့ လက်မှတ်မထိုးတဲ့ အဖွဲ့ တွေထဲမှာ ပါတဲ့ မွန်ပြည်သစ် ပါတီက ဦးနိုင်ဟံသာက ပြောပါတယ်။

အဲဒီမှာ ဆွေးနွေးဖို့ ကျန်တာတွေကို မဖြေရှင်းဘဲ နောက်ထပ် နည်းလမ်း ရှာတာဟာ နည်းနာ တစ်မျိုးနဲ့ တိုင်းရင်းသားတွေကို ခွဲတာလားလို့ ယူဆတယ်၊ တိုင်းရင်းသားတွေ ဘက်က သံသယ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လက်မှတ်မထိုးတဲ့ တိုင်းရင်းသား အဖွဲ့တွေဟာ NCCT က သွားနေတဲ့ လုပ်ငန်းစဉ် အပေါ် ရပ်တည် နေကြတာ ဖြစ်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ လွန်ခဲ့တဲ့ ၆၈ နှစ် အချိန်က တိုင်းရင်းသားတွေ အားလုံး ပင်လုံစာချုပ် သဘောထား အခြေခံနဲ့ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး အခု ပြည်ထောင်စုနေ့မှာ ပင်လုံမူထက် နိမ့်ကျတဲ့ သဘောထားမျိုးနဲ့ လက်မှတ်ရေးထိုးတာကို တိုင်းရင်းသားတွေ သဘောမကျဘူးလို့လည်း သူက ဆိုပါတယ်။

ရှမ်းပြည် အရှေ့ပိုင်း လောက်ကိုင် ဘက်မှာ တိုက်ပွဲတွေဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာတဲ့ ဖက်ဒရယ် အခြေခံ သဘောထားကို အာဏာရလာတဲ့သူတွေက ဖောက်ဖျက်ပြီး တခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ လက်ရှိ ပြဿနာတွေ ဆက်ဖြစ်နေရတယ်လို့ ဦးနိုင်ဟံသာက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ