စစ်​ပွဲ​ကြောင့် လောက်​ကိုင်​က ရာ​နဲ့​ချီ​တဲ့ ကျောင်းဆရာ ဆရာ​မ​တွေ ထွက်ပြေး

  • 13 ဖေဖော်ဝါရီ 2015
_burma_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption လောကိုင်ဒေသမှာ အစိုးရတပ်တွေ တိုးမြှင့်နေ။

ကိုးကန့်နယ် လောက်ကိုင် ဒေသထဲ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ကြောင့် ထွက်ပြေး လာကြရတဲ့ ပညာရေး ဝန်ထမ်း ကျောင်းဆရာ ဆရာမ ၃၀၀ ကျော်ဟာ လားရှိုးမြို့ အထက (၁) ကျောင်းဝင်း ထဲ ပညာရေး ဌာန အစီအစဉ် နဲ့ ခိုလှုံ နေကြ ရပါတယ်။

သူတို့ဟာ အသက်လုံခြုံ ရေး အတွက် တိုက်ပွဲ ဒေသထဲ ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခု နဲ့ ထွက်ပြေး လာခဲ့ကြတာ ဖြစ်ပြီး၊ ပညာရေး အာဏာပိုင် တွေက အခုလို လားရှိုး အမှတ် ၁ အထက်တန်း ကျောင်း ထဲမှာ နေရာ ချပေးထား တာ ဖြစ်တယ် လို့ ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းမြတ် က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့ ဆရာ ဆရာမတွေ ရဲ့ စားသောက်ရေး အတွက် လာရောက် လှူဒါန်း နေတဲ့ စေတနာရှင် တွေ ရှိတယ် လို့လည်း ဒေါ်နန်းခမ်းမြတ် က ဆိုပါတယ်။

တခြား အရပ်သား စစ်ဘေးရှောင် ဒုက္ခသည်တွေ လည်း လားရှိုးမြို့ ပေါ်က ဘုန်းကြီးကျောင်း လို နေရာ မျိုးတွေ မှာ ရောက်ရှိနေတယ် လို့ သိရပါတယ်။

လောက်ကိုင် ဒေသထဲမှာ တော့ အစိုးရတပ် တွေ အင်အားတိုးမြှင့် လာပြီး တိုက်ပွဲတွေ ပြင်းထန် လာနိုင်တယ်လို့ ကိုးကန့်တပ် MNDAA နဲ့ အတူ ပူးပေါင်း တိုက်ခိုက် နေတဲ့ တအန်း လွတ်မြောက်ရေး တပ် TNLA ရဲ့ ပြောခွင့်ရ တစ်ယောက် ဖြစ်တဲ့ တာပန်လှ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ