ပညာရေး ဥပဒေမူကြမ်း အသစ် ၃ ပုံ ၂ ပုံ ဆွေးနွေးနိုင်ခဲ့

  • 14 ဖေဖော်ဝါရီ 2015
student_union_myanmar
Image caption သပိတ်မှောက် ကျောင်းသားများ

ကျောင်းသားတွေနဲ့ အစိုးရတို့အပါအဝင် ၄ ပွင့်ဆိုင် တွေ့ဆုံပြီး ့အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ ကျောင်းသားတွေ ဘက်ကတင်ပြတဲ့ ဥပဒေမူကြမ်း အသစ်ကို စနေနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ဥပဒေမူကြမ်းရဲ့ ၃ ပုံ၂ ပုံကို ဆွေးနွေးပြီးစီးခဲ့ပြီး တနင်္ဂနွေနေ့မှာကျန်နေတဲ့ အပိုင်းတွေကို ဆက်လက် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ အဲဒီဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြမယ်လို့ ဆိုပါတယ်။ သပိတ်လှန်ရေး မလှန်ရေးနဲ့ပတ်သက်လို့အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမယ့်တော့ အဖြေမထွက်သေးဘူးလို့သိရပါတယ်။

အစိုးရဘက်က အလိုရှိနေတဲ့ သပိတ်လှန်ရေးကို ကျောင်းသားတွေက လက်မခံဘူး ဆိုရင် သဘောတူထားတဲ့ ၁၁ ချက်က နောက်ပြန်ဆုတ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပညာရေး ဒုဝန်ကြီးက ပြောပါတယ်။

ကျောင်းသားတွေဘက်ကတော့ သပိတ်လှန်ဖို့ ကိစ္စကို သဘောမတူဘဲ ရန်ကုန်အထိ ဆက်လက် ချီတက်သွားမယ်လို့ ဆိုပါတယ်။

မန္တလေးကနေ ဆင်းလာတဲ့ ပင်မ သပိတ်စစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့ကို ရောက်ရှိနေပြီး အစိုးရကတော့ ရန်ကုန်တိုင်း အဝင်မှာ လုံခြုံရေး အတားအဆီးတွေကို ချထားပါတယ်။