ကျောင်းသား သပိတ် စစ်ကြောင်း ၂ ခု ရပ်နားမယ်

  • 15 ဖေဖော်ဝါရီ 2015
Image caption လွှတ်တော်မှာ ဆွေးနွေးမှာကို သပိတ် မလှန်ဘဲ စောင့်ကြည့် နေမယ်

အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား တွေရဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ကို တနင်္ဂနွေ နေ့မှာ အပြီးသတ် ဆွေးနွေးခဲ့ အပြီး မှာတော့ ရန်ကုန် ကို ချီလာတဲ့ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ထဲက ၂ ဖွဲ့ဟာ သပိတ် ရပ်နား တော့မှာ ဖြစ်ပါတယ်။

အဲဒီ ၂ ဖွဲ့ ကတော့ မော်လမြိုင် - ထားဝယ် သပိတ် စစ်ကြောင်းနဲ့ ဧရာဝတီ သပိတ် စစ်ကြောင်း တွေ ဖြစ်ကြပြီး၊ သီတဂူ ဆရာတော်ကြီး ကလည်း ကျောင်းသား တွေ အနေနဲ့ သပိတ်မှောက် ရပ်ကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

ရန်ကုန်ကို ချီတက်မှာ မဟုတ်ပေမယ့် လွှတ်တော်မှာ ဆွေးနွေး မယ့် ဥပဒေ မူကြမ်း အခြေ အနေကို သပိတ် မလှန်ဘဲ စောင့်ကြည့် နေမှာ ဖြစ်တယ်လို့ ထားဝယ် သပိတ် စစ်ကြောင်းက ကျောင်းသား ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေး နေစဉ် ကာလ အတွင်း ကျောင်းသား သမဂ္ဂတွေ လိုက်လံ ဖွဲ့စည်းပြီး ပညာရေး ဥပဒေ အကြောင်းကို လိုက်လံ ရှင်းပြ မယ်လို့ ရန်ကုန်ကို ချီတက် တော့မှာ မဟုတ်တဲ့ ဧရာဝတီ သပိတ် စစ်ကြောင်းက ကျောင်းသား ခေါင်းဆောင် ကိုအောင်ခန့်ဇော်က ဆိုပါတယ်။

မန္တလေးက လာတဲ့ ပင်မ သပိတ် စစ်ကြောင်းက ကျောင်းသားတွေ ကတော့ အုတ်ဖို ကို ရောက်နေပြီး ပဲခူးက ကျောင်းသား တွေ က သူတို့နဲ့ သွားရောက် ပူးပေါင်း ခဲ့ ပါတယ်။

ဒီစစ်ကြောင်းက ရန်ကုန်ကို ချီတက် မလား ဆိုတာ ကတော့ ရန်ကုန် ဆွေးနွေးပွဲ တက်ရောက် တဲ့ ကျောင်းသား တွေက သွားရောက် ဆွေးနွေး ပြီးကာမှ ဆုံးဖြတ် နိုင်မယ်လို့ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကို အောင်မှိုင်းဆန်းက ပြောပါတယ်။

ရန်ကုန်မှာတော့ ပညာရေး ဥပဒေကို သပိတ်မှောက် နေတဲ့ ကျောင်းသား တွေကို ထောက်ခံ တဲ့ အနေနဲ့ လူအင်အား (၂၀၀) လောက်က သမိုင်း လမ်းဆုံ ကနေ မြေနီကုန်း အထိ ချီတက် လမ်းလျှောက်ခဲ့ ပါတယ်။

အစိုးရ ကတော့ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ကို နယ်တွေ ကနေ ရန်ကုန်ကို ချီတက် မလာကြဖို့ ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ