အစိုးရ စစ်ကူ ကားတန်းကို TNLA ခြုံခိုတိုက်

  • 16 ဖေဖော်ဝါရီ 2015
TNLA Army ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ တပ်တွေ အလွယ်တကူ မဝင်နိုင်အောင် ခြုံခို တိုက်တာလို့ TNLA ပြော

ရှမ်းပြည်နယ် လောက်ကိုင်ဘက်ကို စစ်ကူသွားတဲ့ ယာဉ်တန်းကို ကြားမှာ ခြုံခို တိုက်မှုတွေရှိခဲ့ ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရှမ်းပြည်နယ် ကျောက်မဲနဲ့ သီပေါမြို့ အကြားမှာ ခြုံခို တိုက်ခံရလို့ စစ်တပ်က တစ်ယောက် ကျဆုံးသွားတယ်လို့ ကျောက်မဲ ရဲစခန်းက တာဝန်ကျ ရဲအရာရှိက အတည်ပြုပါတယ်။

ဘယ်အဖွဲ့ လက်ချက်ဆိုတာကိုတော့ စုံစမ်းနေတုန်းပဲလို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ခြုံခိုတိုက်ခိုက်မှုတွေ လုပ်လေ့ ရှိတဲ့ TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးက အထွေထွေအတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော် ကတော့ အဲဒီနယ်မြေမှာ သူတို့ ရဲဘော်တွေ ရှိကြကြောင်းနဲ့ အခု တိုက်ခိုက်မှုကိုတော့ အတည်မပြုနိုင်သေးကြောင်း ဘီဘီစီကို ပြောပါတယ်။

သူတို့တပ်တွေရှိတဲ့ သိန္နီနဲ့ ကွမ်းလုံကြားမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တိုက်ပွဲ ဖြစ်ခဲ့ပြီး ၁၆ ရက်နေ့မှာ လောက်ကိုင်နဲ့ ကုန်ကြမ်း ကြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။

အဲဒါတွေက သူတို့ နယ်မြေ အတွင်းကို အစိုးရ တပ်ဘက်က အလွယ်တကူ ဝင်ရောက် စိုးမိုးနိုင်ခြင်း မရှိရအောင် TNLA ဘက်က ခြုံခို တိုက်ခိုက် ခဲ့တာလို့ သူက ပြောပါတယ်။

လောက်ကိုင်၊ တာရွှေထန်နဲ့ ကုန်းကြမ်း စတဲ့ မြို့နေရာတွေမှာ အစိုးရ တပ်တွေ ပိုက်စိပ်တိုက် ရှင်းလင်း နေတဲ့ အတွက် တောထဲကို မလာနိုင်သေးလို့ သူတို့ နယ်မြေမှာ အရင်ရက်တွေကလောက် တိုက်ပွဲ မစိပ်ဘူးလို့လည်း ဒုတိယဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။

လောက်ကိုင် ဘက်မှာ စစ်ကူတွေ အများကြီး ရောက်လာနေတဲ့ အတွက် လာမယ့် ရက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်လာနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ