ကိုးကန့်​စစ်​အုပ်ချုပ်​ရေး လုပ်​ပိုင်​ခွင့်​တွေ ထုတ်ပြန်

  • 18 ဖေဖော်ဝါရီ 2015
laukkai ဓာတ်ပုံ မူပိုင် epa
Image caption မာရှယ်လော အုပ်ချုပ်ရေး ဆိုတာ တာဝန်ခံ စစ် အရာရှိ ကို အာဏာ အလုံးစုံ ပေးလိုက် တာ ဖြစ်တယ် လို့ ဗဟို တရားရုံး ရှေ့နေကြီး က ရှင်းပြပါတယ်။

စစ်အုပ်ချုပ် ရေး အမိန့် ထုတ်ပြန်လိုက် တဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မှာ အုပ်ချုပ် ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန် အပ်နှင်း ခံရတဲ့ ဗိုလ်မှူးကြီး စောမြင့်ဦး လုပ်ဆောင် ရမယ့် လုပ်ငန်း တာဝန်တွေ ကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မှာ ကာကွယ်ရေး ဦးစီးချုပ် က ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ့ ထုတ်ပြန်ချက် ထဲမှာ လုံခြုံရေး၊ ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး ကိစ္စရပ်တွေ အပါ အဝင် တရား စီရင်ရေး ကိုပါ လောက်ကိုင် အခြေစိုက် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ရဲ့ အကြီး အကဲ ဗိုလ်မှူးကြီး စောမြင့်ဦး ကို တာဝန် ပေးထား ပါတယ်။

စစ်အုပ်ချုပ်ရေး ဒေသထဲက အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် ဟာ သူတို့ရဲ့ လုပ်ငန်း တာဝန် တွေ ကို သူ့ ရဲ့ ကွပ်ကဲမှု အောက် ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေ မှာ ရှိနှင့်တဲ့ အုပ်ချူပ်ရေး နဲ့ တရား စီရင် ရေး အာဏာ တွေ ကို ယာယီ ဖျက်သိမ်းပြီး တာဝန်ခံ စစ် အရာရှိ ကို အာဏာ အလုံးစုံ ပေးလိုက် တာ ဖြစ်တဲ့ အတွက် အဲဒီ့ စစ်အရာရှိ ရဲ့ သဘော အတိုင်း အားလုံး စီမံ နိုင်ခွင့် ဖြစ်တယ် ဆိုပြီး စစ်အုပ်ချုပ်ရေး ရဲ့ သဘာ သဘာဝ ကို ဗဟို တရားရုံး ရှေ့နေကြီး ဦးအုံးလှိုင် က ရှင်းပြပါတယ်။

စစ်အုပ်ချုပ်ရေး ကာလ အတွင်း မှာ မတရားသင်း နဲ့ လက်နက် အက် ဥပဒေတွေ အရ ပြစ်မှုတွေ၊ လူသတ်မှု၊ မုဒိန်းမှု နဲ့ ဓားပြမှု တွေ အပါအဝင် အမှု ပေါင်း ၁၆ မျိုးကို စစ်ခုံရုံး နဲ့ အကျဉ်းရုံး စီရင် နိုင်ပြီး ကာကွယ်ရေး ဦးစီးချုပ် က အတည်ပြု ရင် သေဒဏ် အထိ ချမှတ် နိုင်တယ် လို့ ထုတ်ပြန် ချက် ထဲမှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ