မြန်မာရင်းနှီး မြှုပ်နှံမှု ထိပ်သီး အစည်းအဝေး

  • 19 ဖေဖော်ဝါရီ 2015
လန်ဒန်မြို့ အချက်အခြာဒေသ ဓာတ်ပုံ မူပိုင် AFP
Image caption လန်ဒန်မြို့ အချက်အခြာဒေသ

လန်ဒန်မြို့တော်မှာ Myanmar Investment Summitဆိုတဲ့ စီးပွားရေး ညီလာခံတခုကို ဒီကနေ့ တရက်တာ ကျင်းပပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး နဲ့အတူ လိုအပ်တဲ့ ဥပဒေတွေနဲ့အညီ စျေးကွက် စီးပွားရေး ပေါ်ထွက် လာမယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေအတွက် အခွင့်အလမ်းအ များကြီး ပေါ်ပေါက်နိုင်လို့ ဒီအစည်းအဝေးမျိုး ပြုလုပ်တာ ဖြစ်တယ်လို့ ယူကေ အာစီယံစီးပွားရေး ကောင်စီ အပါအဝင် ကြီးမှူးကျင်းပတဲ့ City Financial အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ င်းနှီးမြှုပ်နှံမှုတွေဟာ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းပြီး တာဝန်ခံမှုတွေ လုပ်ဖို့ဥရောပသမဂ္ဂက တိုက်တွန်းမှုတွေ ရှိတဲ့အတွက် ဒီအစည်းအဝေးမှာရော တက်ရောက်မယ့် ကုမ္ပဏီတွေအပေါ် ဒီကိစ္စပြောဖို့ရှိလားလို့ စီးတီး ဖိုင်နယ်ရှယ်ရဲ့ အမှုဆောင် အရာရှိချုပ် မောရစ် ဘတ်တင်ကို မေးကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်ဆိုတာမျိုးကို တိုက်ရိုက် ပြောကြ ဆိုကြမှာဖြစ်သလို ညီလာခံဖွင့်ပေးမယ့် စီးပွားရေး ဆိုင်ရာဝန်ကြီး Baroness Neville-Rolfe ကလည်း ဒီအကြောင်း သူ့မိန့်ခွန်းမှာ တိုက်တွန်းမှာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပြည်တွင်းစစ် အခြေအနေ တွေကြောင့် အခုအချိန်ဟာ တကယ် ရင်းနှီးမြှုပ်နှံဖို့ အချိန်အခါကောင်း ဟုတ်မဟုတ် မေးကြည့်တော့ ဒီညီလာခံမှာ အခွင့်အလမ်းတွေရော စိန်ခေါ်မှုတွေပါ အားလုံး ခြုံငုံမိအောင် ဆွေးနွေးသွားဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ကြောင်း မောရစ်ဘတ်တင်က ဖြေပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံမှ ဗဟိုဘဏ် ဒုတိယဥက္ကဌ အပါအဝင် စီးပွားရေး ပညာရှင်များနဲ့ ပြည်တွင်းပြည်ပ ကုပ္မဏီများ တက်ရောက် ကြမှာဖြစ်ပါတယ်။