လူဦးရေ ထိန်းချုပ်မှု ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု

  • 18 ဖေဖော်ဝါရီ 2015
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption လူဦးရေ ထိန်းချုပ်မှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ ထောက်ခံမဲ အများစုနဲ့ အတည်ပြု

မျိုးစောင့် ဥပဒေတွေလို့ ပြောကြတဲ့ ဥပဒေ လေးခုထဲမှာ ပါတဲ့ လူဦးရေ တိုးပွားမှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့က အမျိုးသား လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက် ပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက် နေ့က လွှတ်တော်တွင်းမှာ ဆွေးနွေးကြတုန်းကဥပဒေရဲ့ ခေါင်းစဉ်က အစ စာပိုဒ် တစ်ပိုဒ်ချင်း အလိုက် ကန့်ကွက် ဆွေးနွေးခဲ့ကြတာတွေ ရှိပေမဲ့ မဲခွဲ ဆုံးဖြတ်တဲ့ အခါ ကန့်ကွက်သူတွေ ဘက်က ရှုံးသွားခဲ့တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြော ပါတယ်။

ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၁၂ မဲနဲ့ ကြားနေ ၁၂ မဲ ရှိခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

အခု ဥပဒေကြမ်းမှာပါတဲ့ ၃ နှစ်ကြာမှ ကလေး တစ်ယောက် ယူရမယ် ဆိုတာနဲ့ ဒီဥပဒေကို ဒေသအလိုက် ခွဲခြားပြီး လိုအပ်တဲ့ နေရာတွေမှာ ကျင့်သုံးမယ် ဆိုတာတွေ အပါ အဝင် အငြင်းပွားစရာ အချက်တွေဟာ ခွဲခြား သတ်မှတ်ရာ ရောက်တဲ့ အတွက် အငြင်းပွားစရာ ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြော ပါတယ်။

လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး ဆိုတာဟာ ကျန်းမာရေး ပညာပေးနဲ့ လူထုကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ဖြစ်ပြီး ဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်လို့ ဥပဒေပြဌာန်းစရာ မလိုဘူးလို့ ဦးအောင်ကြည်ညွန့်က လွှတ်တော်မှာ ကန့်ကွက် ထောက်ပြခဲ့ ပါတယ်။

ဒါ့အပြင် ဒီဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရရော နိုင်ငံတကာ ဥပဒေတွေ အရပါ ကိုက်ညီမှု မရှိတဲ့ အပြင် သားသမီး ဘယ်လောက် ယူမယ်ဆိုတာ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ သဘောဆန္ဒ အတိုင်းသာ လွတ်လပ်စွာဆုံးဖြတ်ခွင့် ရှိတယ် လို့လည်း သူက ပြောပါတယ်။

အခု အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ