အထည်​ချုပ်​လုပ်သား သပိတ် ဆက်လက်​ဖြစ်ပေါ်

  • 19 ဖေဖော်ဝါရီ 2015
worker_strike
Image caption အလုပ်သမား သပိတ်ကို ကိုင်တွယ်ဖို့ တောင်ကိုရီးယား သံရုံးက အစိုးရ အပေါ် ဖိအားပေး။

ရွှေပြည်သာ စက်မှုဇုံ အထည်ချုပ် စက်ရုံ ၄ ရုံ က အလုပ်သမား တွေ ရဲ့ အခြေခံ လုပ်စာ တိုးမြင့်ရေး တောင်းဆို ဆန္ဒပြပွဲ တွေ ဟာ သီတင်း၂ ပတ် ကျော်လာ ပြီး မနေ့က အထိ အလုပ်သမား ၂ ထောင်ကျော် ဆန္ဒပြ နေဆဲ ဖြစ်ပါ တယ်။

အစိုးရ က ကြားဝင် ညှိနှိုင်းမှု တွေ လုပ်ပေမယ့် မအောင်မြင် ပဲ ဆွေးနွေးမှု ရပ်ဆိုင်း နေပါတယ်။

တောင် ကိုရီးယား ပိုင် လုပ်ငန်း စက်ရုံတွေ ပါဝင်တဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံ သံရုံး ကနေ သူတို့ရဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တွေ အပေါ် မြန်မာ အာဏာပိုင် တွေ အနေနဲ့ အကာအကွယ် မပေး နိုင်ဘူးလား ဆိုပြီး ဖိအားပေးမှု တွေ ရှိလာ တယ် လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ က တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် အခု ရက်ပိုင်းမှာ ပဲ အစိုးရက စာထုတ်ပြီး ဥပေဒေ နဲ့ အညီ ခွင့်တောင်းခံ ပြီးမှသာ စီတန်း လှည့်လည် တာမျိုး လုပ်ဖို့ နဲ့ သပိတ် စခန်း တွေ ဖျက်သိမ်း ဖို့ အလုပ်သမား တွေ ကို သတိပေး လာပါတယ်။

ဒီလို ခြိမ်းခြောက် တာကို လက်မခံ ပဲ တောင်းဆိုမှု တွေ ရရှိအောင် ဆက်လက် သပိတ်မှောက် သွားမယ် လို့ E-land Myanmar အထည်ချုပ် စက်ရုံက အလုပ်သမား သပိတ် ခေါင်းဆောင် တစ်ဦးဖြစ် တဲ့ ကိုမျိုးမင်းမင်း က ဆိုပါတယ်။

ရွှေပြည်သာ စက်မှုဇုံ မှာ ရှိတဲ့ E-land Myanmar၊ Ford Glory၊ Coste International နဲ့ တိုင်ရီ အထည်ချုပ် စက်ရုံတွေ က အလုပ်သမားတွေ က အခြေခံ လုပ်စာ တိုးမြင့်ရေး တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ