မြန်မာမှာ ငှက်ဖျားဆေး မတိုးတဲ့ နမူနာ တွေ့ရှိ

  • 20 ဖေဖော်ဝါရီ 2015
malaria ဓာတ်ပုံ မူပိုင်
Image caption ခြင်ထောင် အလုံအလောက် ရရှိဖို့ အရေးကြီး

မြန်မာ နိုင်ငံ အထက်ပိုင်း ဒေသ တချို့မှာ Artemisinin/ Artesunate ငှက်ဖျားဆေး မတိုးတဲ့ ပြဿနာတွေ တွေ့ရှိ ခဲ့ရတယ်လို့ အောက်စဖို့ဒ် နဲ့ မဟီဒေါ တက္ကသိုလ် ၂ ခု က မကြာခင်က မြန်မာ အစိုးရနဲ့ ပူးတွဲ လုပ်တဲ့ သုတေသန တွေက တွေ့ရှိ ခဲ့ပါတယ်။

ဒီလို ဆေးမတိုးတဲ့ ငှက်ဖျား အမျိုးအစားမျိုးတွေ တွေ့လာရတာဟာ လောလောဆယ်မှာ စိုးရိမ်စရာ မရှိ သေးပေမယ့် ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင် နောင်မှာ ကမ္ဘာထိ ရိုက်ခတ်နိုင်တဲ့ ပြဿနာ ဖြစ်တယ်လို့ လန်းဆတ် ဆေးပညာ ဂျာနယ်က ဖော်ပြပါတယ်။

သုတေသန ပြုခဲ့တဲ့ အောက်စဖို့ဒ် တက္ကသိုလ် အပူပိုင်း ဆေးပညာ လေ့လာရေး ဌာနက Dr Charles Woodrow ကို ဘန်ကောက်ထိ ဆက်သွယ် မေးကြည့်တော့ ဒီငှက်ဖျားဆေးဟာ မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင် အာရှမှာ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဆေး ဖြစ်တယ်လို့ ပြောပါတယ် ။

ဒီဆေးမတိုးတဲ့ ပြဿနာဟာ လူတစု နေရာတခု ကွက်ကွက်လေး ဖြစ်နေတာ မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေတာ တွေ့ရတယ်လို့ တနှစ်တာ လုပ်ခဲ့တဲ့ သုတေသန တွေက ပြနေပါတယ်။ လောလောဆယ်မှာ စိုးရိမ်စရာ မရှိသေးပေမယ့် နောင်မှာ အရှေ့တောင် အာရှ တခြား နိုင်ငံတွေ ကတဆင့် ဒီ ဆေးမတိုးတဲ့ ငှက်ဖျားပိုးတွေ ကမ္ဘာကို ပျံ့နှံ့နိုင်တဲ့ အနေအထား ရှိနေပါတယ်။

Artemisinin ဆေးကို အပတ်လည် အောင် မသောက်တာတွေ တွေ့လာရလို့ ဆေးမတိုးတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ ငှက်ဖျား ပထမ ကုထုံး ဖြစ်တဲ့ Artemisinin နဲ့ တခြား အစွမ်းထက်တဲ့ ဆေးတွေကို တွဲ စပ် သောက်တဲ့ ကုထုံးကို တိတိကျကျ လိုက်နာ ကျင့်သုံးမှ တခြား ဒေသ တွေမှာ ဒီလို ဆေးမတိုးတဲ့ အဖြစ်တွေနဲ့ မကြုံရမှာ ပါ။

ဒီအတွက် ငှက်ဖျားဆေး ရောင်းချမှု တွေကို သေသေချာချာ စနစ်တကျ ဖြစ်အောင် ထိန်းချုပ်ဖို့လည်း လိုပါတယ်။

မြန်မာ နိုင်ငံမှာ အရင်က ငှက်ဖျား ရောဂါပိုး စစ်ဖို့ အဏုကြည့် မှန်ပြောင်းနဲ့ စစ်မှသာ ရနိုင်ခဲ့ပေမယ့် ခုအခါမှာတော့ အလွယ်တကူ သွေးဖောက်စစ်ဆေးလို့ ရတဲ့ နည်းပညာကို နိုင်ငံ အနှံ့ သုံးစွဲ နေကြပြီမို့ ရောဂါ တွေ့ရှိဖို့ ပိုပြီး လွယ်ကူ လာပြီ ဖြစ်ပါတယ်။

အဓိက လေ့လာမှုတွေ လုပ်ခဲ့ပြီး ငှက်ဖျားဆေး မတိုးတာကို တွေ့ခဲ့ရတဲ့ နေရာ တွေက မန္တလေး အထက်က သပိတ်ကျင်း ဒေသ၊ မြစ်ကြီးနား မြို့နား တဝိုက်နဲ့ ချင်းတွင်း မြစ်ဖျား အိန္ဒိယ နယ်စပ် နားက ဟုမ္မလင်း ဒေသတွေ ဖြစ်ပါတယ်။ ဒီနယ်တွေဟာ ရွှေထွက်တဲ့ နေရာတွေ ဖြစ်ပြီး လူအဝင် အထွက် အကူးအသန်းများတဲ့ နေရာတွေ ဖြစ်ပါတယ်။

ဒီလို ဆေးဝါး ကုထုံး၊ ရောဂါ ရှာဖွေရေး နည်းစနစ်တွေကို တဘက်က အလေးပေး နေချိန်မှာ အဓိက ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဖြစ်တဲ့ ခြင်နှိမ်နင်းရေး၊ ခြင်ထောင် အလုံအလောက် ရရှိရေး စတဲ့ အရေးကြီးတဲ့ အဆင့် တွေကိုလည်း သေချာ ဖိဖိစီးစီး လုပ်ဖို့ လိုနေသေးတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ် ။