ကိုးကန့်တပ်ဖွဲ့ဘက်က တရုတ်ကြေးစားစစ်သားတွေ ဝင်တိုက်ပေးနေ

  • 21 ဖေဖော်ဝါရီ 2015
Image caption လောက်ကိုင်ဒေသ တိုက်ပွဲတွေမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ပါဝင် ပတ်သက်မှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်း

လောက်ကိုင်ဒေသ တိုက်ပွဲတွေအတွင်း အစိုးရ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ် ကြေးစား စစ်သားတွေ၊ တရုတ် စစ်သားဟောင်းတွေ ပါနေတယ်လို့ မြန်မာ အစိုးရ စစ်တပ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ပံ့ ကူညီ အားပေးဖို့ တရုတ် ဗဟို အစိုးရက မူဝါဒ ချမှတ် မထားပေမယ့် အောက်ခြေအဆင့်က ပါဝင် ပတ်သက် နေတယ်လို့ တပ်မတော် စစ်ဘက် ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သံတမန် ရေးအရ ဆက်သွယ် ဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။

လောက်ကိုင်ဒေသ တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့တွေဘက်ကနေ ဝတပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော်၊ တအောင်း၊ မိုင်းလားနဲ့ KIA ကချင် တပ်ဖွဲ့တွေ ပါဝင် တိုက်ခိုက်နေကြောင်းနဲ့ ဝ၊ မိုင်းလား၊ ရှမ်းပြည် တပ်မတော် အဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ၁၃ရက်နေ့တွေ တုန်းက နေပြည်တော်မှာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံစဉ်တုန်းက ကတိပေးထားခဲ့တဲ့အတိုင်း လိုက်နာ ဆောင်ရွက်သွားဖို့ လိုတယ်လို့ လည်း အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ကိုးကန့် တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ လောက်ကိုင် ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတိုင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်မှုတွေ ဆက်လုပ်သွားဖို့ ရှိပြီး သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်တဲ့ အထိ နယ်မြေ တည်ငြိမ်တဲ့အထိ စစ်ဆင်မှုတွေ ဆက်လုပ်သွားမယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောသွားပါတယ်။

မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစုလို့ အမည်ပေးထားတဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားတွေ၊ တရုတ် စစ်သားဟောင်းတွေ ပါနေတယ်ဆိုတဲ့ အစိုးရ စစ်တပ်ရဲ့ စွပ်စွဲ ပြောဆိုချက်တွေကို ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ငြင်းဆိုလိုက်ပြီး ဒီလို စွပ်စွဲမှုတွေ လုပ်နေတာဟာ လောက်ကိုင် ဒေသ တိုက်ပွဲတွေကို ပြည်ပက တရုတ်လူမျိုးတွေနဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျူးကျော်တိုက်တဲ့ စစ်ပွဲ အဖြစ် အများမြင်လာအောင် လုပ်နေတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ မနက်ကလည်း လောက်ကိုင်မြို့နဲ့ ကီလို မီတာ ၆၀လောက်မှာ အစိုးရ စစ်တပ်ဘက်က လေကြောင်း ကုန်းကြောင်း စစ်ဆင် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။