ကိုးကန့်တိုက်ပွဲ အစိုးရစွပ်စွဲချက် မမှန်လို့ SSPP/SSA ပြော

  • 24 ဖေဖော်ဝါရီ 2015
Image caption SSPP/SSA ပါဝင်တယ်ဆိုတဲ့ အစိုးရ စွပ်စွဲချက် မမှန်လို့ SSPP/SSA ပြော

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တိုက်ပွဲမှာ SSPP/SSA ရှမ်းပြည် တိုးတက်ရေး တပ်မတော်/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်ဟာ တဖက်သတ် စွပ်စွဲချက်ဖြစ်လို့ ပြန်ရုပ်သိမ်းပေးဖို့ SSPP/SSA က တောင်းဆိုလိုက်ပါတယ်။

ကိုးကန့်တိုက်ပွဲမှာ ကိုးကန့်အဖွဲ့ဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KIA၊ ဝတပ်ဖွဲ့၊ မိုင်းလား တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့နဲ့ SSPP/SSA တပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တယ် ဆိုပြီး အစိုးရ စစ်တပ်က ပြီးခဲ့တဲ့ စနေနေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

SSPP/SSA အနေနဲ့ ဒီတိုက်ပွဲမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ဖေဖေါ်ဝါရီ ၂၃ နေ့နေ့စွဲနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ လိပ်မူပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

အခုလို စွပ်စွဲမှုတွေဟာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတယ်လို့ SSPP/ SSA အထွေထွေ အတွင်းရေးမှူး ဦးစပ်ခွန်ဆိုင် ပြောပါတယ်။

တခါ အဲဒီကိုးကန့် တိုက်ပွဲတွေကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထဲမှာ ဒုက္ခသည်စခန်းတွေကို မရောက်ပဲ တရုတ်မြန်မာ နယ်စပ်မှာ ဖြစ်သလို ခိုလှုံနေကြရသူတွေ အများကြီး ရှိနေပြီး အဲဒီထဲက တရုတ် ပြည်ဘက်ခြမ်း ဒုက္ခသည်စခန်းတခုမှာ ဒုက္ခသည် ၄ထောင်လောက် ခိုလှုံနေပြီး အဲဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ် အများအပြား ပါဝင်တယ်လို့ အဲဒီကို ရောက်ခဲ့တဲ့ ကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်း တဦးက ပြောပါတယ်။

ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ မပြည့်မစုံနဲ့ ယာယီတဲတွေမှာ အအေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ဖြစ်သလို နေနေကြရတယ်လို့ သူက ပြန်ပြောပြပါတယ်။