ရန်ကုန် အလုပ်သမား စုပေါင်း သပိတ်မှာ ကူညီနေသူ တချို့ အဖမ်းခံရ

  • 24 ဖေဖော်ဝါရီ 2015
Image caption လုပ်ခ လစာ တိုးပေးဖို့ အထည်ချုပ် အလုပ်သမားတွေ တောင်းဆို ဆန္ဒပြ

ရန်ကုန် အလုပ်သမား စုပေါင်း သပိတ်မှာ ကူညီနေတဲ့ လူတချို့ ကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၄ရက် နေ့လယ်ပိုင်းက အာဏာပိုင်တွေ ဖမ်းဆီးသွား တယ်လို့ အလုပ်သမား သပိတ်ကော်မတီက ပြောပါတယ်။

သပိတ်မှောက် အလုပ်သမားတွေဟာ ပြင်ပက ဆူပူလိုသူတွေနဲ့ ပေါင်းပြီး ရပ်ရွာ အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားအောင် လုပ်နေတယ်လို့ အစိုးရက မနေ့က သတင်း ထုတ်ပြန်ခဲ့ အပြီးမှာ စုပေါင်း သပိတ်မှာ ကူညီနေတဲ့သူ တချို့ အခုလို ဖမ်းဆီးခံခဲ့ရတာ လည်း ဖြစ်ပါတယ်။

အဖမ်းခံခဲ့ရတဲ့ သူ တဦးက ကိုနိုင်ဇော်ကြည်ဝင်း ဆိုသူ ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ အလုပ်သမား စုပေါင်း သပိတ်စခန်းကို အားပေးကူညီခဲ့မှုနဲ့ ရဲကဖမ်းသွားတာလို့သိရပါတယ်။

သူဟာ ဒီအလုပ်သမား သပိတ်နဲ့ ပတ်သက် ပြီး ပထမဆုံး အဖမ်းခံရတဲ့ ကူညီအားပေးသူ ဖြစ်ပါတယ်။

သူ့ကို မဖမ်းခင်မှာ အလုပ်သမား သပိတ်ခေါင်းဆောင် နှစ်ဦးကိုလည်း ဖမ်းထားတာ ရှိပါတယ်။

သပိတ်မှောက် အလုပ်သမား စက်ရုံတွေထဲက ELand Myanmar စက်ရုံ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အစိုးရဘက်က အလုပ်သမား ရေးရာ ညိနှိုင်းရေး အဖွဲ့ အတွင်းရေးမှူး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်တို့ ဒီနေ့ နေ့လည်က တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် စက်ရုံတစ်ရုံတည်းကို ညှိနှိုင်းတာကြောင့် အဆင်မပြေဘူးလို့ အလုပ်သမား သပိတ် ကော်မတီက ပြော ပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်ထားတာ မရှိသေးပဲ အခု ပြဿနာဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြား လစာ သဘောတူချက်အပေါ်မှာပဲ မူတည်နေတယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

ဖမ်းထားတဲ့ အလုပ်သမား ခေါင်းဆောင်တွေကိုလွှတ်ပေးရင် အခြေခံ လစာကို ၃ သောင်း တောင်း နေတာကနေ ၂သောင်း ၄ ထောင်အထိ ကြားချ ညှိနှိုင်းပေးမယ်လို့ အလုပ်သမား သပိတ် ကော်မတီက ပြောပါတယ်။

စက်ရုံ ပိုင်ရှင်ဘက်ကတော့ တစ်သောင်း နှစ်ထောင် အထိပဲ ပေးပါတယ်။

ရက် ပေါင်း ၂၀ ကျော် ကြာလာပြီ ဖြစ်တဲ့ ဒီအထည်ချုပ် အလုပ်သမား သပိတ်ဟာ ဥပဒေကို ကျော်လွန်ပြီး စက်ရုံကို ပိတ်ဆို့ ဆန္ဒပြနေတာကြောင့် အသစ်ဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတား ဖြစ်နိုင်တယ်လို့ အထည်ချုပ် လုပ်ငန်းရှင်အသင်းက သဘောထား ထုတ်ပြန်ထားပါတယ်။