မုံရွာမှာ ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်

  • 25 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ကြက်တွေ ငုံးတွေ ထောင်သောင်းချီ သေဆုံးတာ မုံရွာမှာ ၉နှစ်အတွင်း တတိယ အကြိမ်ဖြစ်

မုံရွာမှာ ကြက်ငှက် တုပ်ကွေး ဖြစ်ပွားနေတဲ့ ကြက်ကောင်ရေ တစ်ထောင့် လေးရာ နီးပါးနဲ့ ငုံးကောင်ရေ နှစ်သောင်းကျော်ကို ဒီနေ့ မနက်ပိုင်းက သုတ်သင် ရှင်းလင်း ခဲ့ပါတယ်။

မုံရွာမြို့ အရှေ့ဖက် မွေးမြူရေးဇုန်က ကြက်ခြံတွေမှာ ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားနေတာကို တွေ့ရှိခဲ့တဲ့အတွက် အဲဒီ ကြက်ခြံ ငုံးခြံတွေက ကြက်တွေ ငုံးတွေကို အခုလို သုတ်သင် ရှင်းလင်း ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို သုတ်သင် ရှင်းလင်းမှုတွေ မလုပ်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာ မွေးမြူရေးဇုန်မှာ ကြက်ကောင်ရေ ထောင်နဲ့ချီ၊ ငုံးကောင်ရေ သောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။

ဒီလို ကြက်ကောင်ရေ ငုံးကောင်ရေ ထောင်သောင်းချီ သေဆုံးတာ မုံရွာမြို့မှာ ၉ နှစ်အတွင်း တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

အခု ဒီလို ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကို ဟန့်တား ကာကွယ်ဖို့အတွက် ကြက်ငှက် တုပ်ကွေးရောဂါ ထိန်းချုပ် ကာကွယ် တားဆီးရေး အဖွဲ့ကို မုံရွာမြို့မှာ မနေ့က ဖွဲ့စည်းခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ပထမပတ်အတွင်းလောက်က စလို့ မုံရွာ မွေးမြူရေးဇုန်အတွင်း ကြက်တွေ ငုံးတွေ သေဆုံးမှုတွေ ရှိခဲ့အပြီး အခုအခါ ကြက်မွေးမြူသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ သူတို့ရဲ့ ကြက် ငုံးတွေကို နယ်တွေဘက်ကို ရွှေ့ပြောင်းနေတယ်လို့ မုံရွာ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ်မှာ မုံရွာ ကြက်မွေးမြူရေး ဇုန်ထဲကနေ မွေးမြူရေး ထွက်ကုန်ပစ္စည်းတွေ အားလုံး မထွက်ဖို့ ပိတ်ထားလိုက်ပြီလို့လည်း ကြက်ငှက် တုပ်ကွေးရောဂါ ထိန်းချုပ် ကာကွယ် တားဆီးရေး အဖွဲ့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။