ပညာရေး ဥပဒေ ပြင်ဆင်မှု အကြောင်း NNER ရှင်းလင်း

  • 26 ဖေဖော်ဝါရီ 2015
nner_educationlaw_cso_bbc_photo
Image caption ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ လူမှု အဖွဲ့ အစည်းတွေကို NNER ရှင်းပြ

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ NNER မြန်မာ နိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဒီကနေ့ အရပ်ဖက် အဖွဲ့ အစည်း တွေကို တွေ့ဆုံ ရှင်းပြခဲ့ ပါတယ်။

လွှတ်တော်မှာ ရောက်နေတဲ့ ဥပဒေကြမ်း ဟာ ၄ ပွင့်ဆိုင် ဆွေးနွေးမှုကနေ ပေါ်ပေါက်လာတဲ့ ဥပဒေကြမ်း ဖြစ်တဲ့ အတွက် ဒီဥပဒေကို ၄ ဖွဲ့စလုံး ကာကွယ်ဖို့ တာဝန်ရှိပေမဲ့ အစိုးရ ဘက်က သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ NNER က ဒေါ်ညိုညိုသင်းက ပြောပါတယ်။

အစိုးရ ဘက်ကသတင်းစာတွေမှာ NNER နဲ့ ကျောင်းသားတွေက ရေးဆွဲတဲ့ ဥပဒေ အဖြစ် ထုတ်ပြန်နေတာတွေဟာ ပြည်သူတွေဘက်က မေးခွန်းထုတ်စရာ ဖြစ်နေတယ် လို့ လည်းသူက ပြောပါတယ်။

ဥပဒေသစ်မှာ ပါတဲ့ ကျောင်းများ ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အထင်အမြင် လွဲမှား စရာတွေ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တော့ ဘာသာရေးကို သီးသန့် သင်ကြားမယ့် ကျောင်းတွေက အခု ဥပဒေနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

မိခင် ဘာသာစကားနဲ့ သင်ကြားဖို့ ဆိုရာမှာလည်း တိုင်းရင်းသား ဒေသက ကလေးတွေကို သူတို့ နားလည်တဲ့ ဘာသာ စကားနဲ့ သင်ကြားပေးဖို့သာ ဥပဒေမှာ ထည့်သွင်းထားတာ ဖြစ်ပြီး ကျောင်းတွေမှာ တိုင်းရင်းသား ဘာသာတွေ သင်ဖို့ မဟုတ်ဘူးလို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်မှာ ဥပဒေကြမ်းကို ကြားနာဖို့ အစီအစဉ် မှာလည်း ကျောင်းသားတွေက ၁ ရက်၊ NNER က ၁ ရက်ပဲ တင်ပြခွင့် ရပြီး ကျန်တဲ့ ၈ ရက်မှာ သူတို့ မပါတော့ဘဲ လွှတ်တော် အပိုင်းကပဲ ကြားနာဖို့ လုပ်ဆောင်တာ ဟာလည်း ၄ ပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

တဘက်မှာလည်း ဒီဥပဒေကြမ်း ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ သံဃာ့ အဖွဲ့ အစည်းတွေဘက်က ထောက်ပြ ဝေဖန်မှုတွေ ရှိနေရာမှာ ဆရာတော်ကြီးတွေဘက်က ထောက်ပြချက် တချို့ကို လက်ခံနိုင်ပေမဲ့ တချို့ကတော့ အထင်လွဲနေကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု ဥပဒေကြမ်းဟာ စည်းနဲ့ ကမ်းနဲ့ လွတ်လပ်ခွင့် ပေးမယ့် ဥပဒေ ဖြစ်တယ်လို့လည်း ဒေါ်ညိုညိုသင်းက အခိုင်အမာ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ