ကျောက်ဆည်ကျောင်းသားသပိတ် ထောက်ခံသူ အမှုစွဲဆို

  • 28 ဖေဖော်ဝါရီ 2015
_students_march_myanmar_ ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြ ကျောင်းသားတချို့ အမှုဖွင့်ခံရ

ဖေဖော်ဝါရီလ ၂၅ ရက်က ကျောက်ဆည် မြို့ ကျောင်းသား သပိတ် ထောက်ခံ တဲ့ ဆန္ဒပြပွဲ မှာ ပါဝင် ပူးပေါင်း ခဲ့တဲ့ မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား တွေ နဲ့ ကျောက်ဆည် က ကျောင်းသူ ကျောင်းသားတချို့ ကို ကျောက်ဆည် ရဲစခန်းမှာ ခွင့်မပြု ဘဲ ဆန္ဒပြမှု အပါအဝင် ပုဒ်မတွေနဲ့ မနေ့က စွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၄ ပွင့်ဆိုင် သဘောတူညီချက် ၉ ချက် ထဲက ကျောင်းသား တွေကို ဖမ်းဆီး အရေးယူမှု မပြုရ ဆိုတဲ့ အချက်ကို ချိုးဖောက် လိုက်တယ်လို့ ကျောင်းသား တွေ ဘက်က ပြောဆို နေကြပါတယ်။

အခုလို အမှုစွဲတာနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကို အကြောင်းမကြား သေးပေမဲ့ ကျောက်ဆည်မြို့မ ရဲစခန်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲကြောင်း သိရတာကို မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

တရားစွဲခံရတဲ့ အထဲမှာ ကျောင်းသား လေးယောက် နဲ့ ကျောင်းသူ တယောက် ပါဝင်ပါတယ်။ ကျောင်းသားတွေ ဖက် ကတော့ အခုလို အမှုဖွင့်ခြင်းဟာ တိုက်ရိုက်စော်ကား တယ် လို့ ယူဆကြောင်း၊ ခြောက်လည်း ကြောက်မှာ မဟုတ်တဲ့ အတွက် မတ်လ ၁ ရက်နေ့မှာ ပင်မ သပိတ်စစ်ကြောင်းဟာ လက်ပံတန်း ကနေ ရန်ကုန် ကို ချီတက်မှာ မို့ ပူးပေါင်းမယ် လို့လည်း ရှင်းပြပါတယ်။

အခုလို အစိုးရ ဖက်က ကျောင်းသားတွေ ကို ဖမ်းတာ တရားစွဲတာတွေ လုပ်ရင် ပညာရေး မူကြမ်းတင်တဲ့ အပေါ်မှာ ထိခိုက်မှု ရှိနိုင်ကြောင်း၊ အစိုးရ ဖြစ်စေလိုတဲ့ သပိတ် စစ်ကြောင်း ရပ်ရေး ဟာလည်း ဥပဒေ အတည်ပြုတဲ့ အပေါ်မှာ မူတည်ကြောင်း ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။