ကိုးကန့် ကိစ္စမှာ မပါဘူးလို့ ဝနဲ့ မိုင်းလား ဆို

  • 27 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေသတွင်းကနေ ဒုက္ခသည် သောင်းချီ ထွက်ပြေးရ

ကိုးကန့် ဒေသမှာ အစိုးရ တပ်ဖွဲ့တွေကို ဝင်တိုက်ဖို့ ပြင်ဆင်ခဲ့တဲ့ ကိစ္စတွေမှာ ဦးဖုန်ကြားရှင် တပ်ဖွဲ့တွေ နဲ့ အတူ ပါဝင်ခဲ့တယ် ဆိုတဲ့ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး ရဲ့ ပြောကြားချက်တွေ မမှန်ဘူးလို့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ နဲ့ မိုင်းလား အဖွဲ့ တို့က တရားဝင် ငြင်းဆို လိုက်ပါတယ်။

အဲဒီ အဖွဲ့နှစ်ဖွဲ့ရဲ့ ပူးတွဲ ကြေညာချက်ထဲမှာ သူတို့အပေါ် စွပ်စွဲချက် တွေကို ကန့်ကွက်ကြောင်း၊ သူတို့ဟာ ခွဲမထွက်ရေး နဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့မူတွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဝအဖွဲ့ရဲ့ ပြန်ကြားရေး ဌာန အကြီးအကဲ ဦးညီကျော် က သူတို့ အဖွဲ့အနေနဲ့ ကိုးကန့်ပဋိပက္ခကို မထောက်ခံသလို၊ ကန့်လည်း မကန့်ကွက်ကြောင်း၊ သူတို့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းလည်း မရှိကြောင်းဘီဘီစီကို ပြောပါတယ်။

ကိုးကန့်၊ မိုင်းလားနဲ့ ဝ အဖွဲ့တွေ ဟာ အရင်က ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ပုန်ကန် ခွဲထွက်ခဲ့တဲ့ အတွက် ဗကပ ပြိုကွဲခဲ့တာ ဖြစ်ပါတယ်။

ဗကပ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်လှကျော်ဇော က အစိုးရဖက်က စွပ်စွဲချက်ဟာ ဝ အဖွဲ့ကို သာမကဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ရည်ရွယ်တာ ဖြစ်တယ်လို့ မြင်ကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုရေစီ ပညာရေး ကိစ္စတွေကို လူထုကအာရုံ စိုက်နေတာကို လမ်းကြောင်းလွှဲဖို့ စစ်တပ်က ကြိုးစားတာ ဖြစ်တယ်လို့ သူကစွပ်စွဲ ပါတယ်။

တကယ်တော့ ကိုးကန့် အဖွဲ့က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု တွေမှာ သူတို့ကိုလည်း ပါဝင်ခွင့် ပြုဖို့ တောင်းဆိုခဲ့တာကို အစိုးရဖက်က လစ်လျူရှု ခဲ့လို့ ဒီအခြေအနေတွေ ဖြစ်လာတာလို့ လည်းသူက ဆိုပါတယ်။

စစ်တပ်အနေနဲ့ စီးပွားရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ တွေကို ထိန်းချုပ်ထားတာ လျှော့ပေး ပြီး ပြည်သူလူထုနဲ့ တခြားပါတီတွေကို အာဏာခွဲဝေ ပေးမယ်ဆိုမှသာ မြန်မာပြည် ငြိမ်းချမ်း နိုင်မှာ ဖြစ်ပြီး၊ အခု လက်ရှိဖြစ် နေတဲ့ အနေအထားတွေအရ ဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေ ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။