ကျောင်းသားတွေ ဆက်ဆန္ဒ မပြဖို့ အစိုးရ သတိပေး

  • 28 ဖေဖော်ဝါရီ 2015
Image caption အစိုးရရဲ့ သတိပေးချက် ထွက်လာပေမယ့် ဆန္ဒပြ ချီတက်မှုတွေ ဆက်လုပ်သွားမယ်လို့ သပိတ်မှောက် ကျောင်းသားတွေ ပြော

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ စဆွေးနွေး နေပြီမို့ ဆန္ဒပြတာတွေ ဆက်မလုပ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသားတွေ အနေနဲ့ ရန်ကုန်ကို ဆက်ဦးတည် ချီတက် ဆန္ဒပြမယ် ဆိုရင် ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာ မရောက်ဘဲ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ဦးတည်ရာ ရောက်စေမှာ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလို သတိပေးချက် ထွက်လာပေမယ့် သပိတ်မှောက် ကျောင်းသားတွေ ဘက်ကတော့ မူလ စီစဉ်ထားတဲ့အတိုင်း ဆက်ပြီး ချီတက်သွားမှာ ဖြစ်ကြောင်း၊ ဘယ်နေ့ ချီတက်မယ် ဆိုတာကိုတော့ အစည်းအဝေး ကျင်းပပြီး ထုတ်ပြန်သွားမယ်လို့ သပိတ်မှောက် ကျောင်းသား စစ်ကြောင်း ခေါင်းဆောင် ကိုကျော်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ကြားနာ နေမယ့်အစား နောက်ထပ် လေးပွင့်ဆိုင် အစည်းအဝေး ကျင်းပပြီး ညှိနှိုင်း သွားဖို့ လည်း ကျောင်းသားတွေ ဘက်က လိုလားနေပါတယ်။

ဒါပေမယ့်လည်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကတော့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှာသာ ဒီမိုကရေစီ စနစ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။