မုံရွာ သတင်းထောက် လွှတ်ဖို့ တောင်းဆို

facebook ဓာတ်ပုံ မူပိုင် AFP
Image caption ဖေ့စ်ဘွတ်နဲ့ ပထမဆုံး အဖမ်းခံရတဲ့ အမှုဖြစ်

ဖေ့စ်ဘွတ် လူမှု ကွန်ယက် ပေါ်မှာ နိုင်ငံတော် အကြီးအကဲနဲ့ တပ်မတော် ရဲ့ ဂုဏ်သရေ ကို ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး မြန်မာ နိုင်ငံမှာ ပထမဆုံး အဖမ်း ခံရတဲ့ မုံရွာ က ဓာတ်ပုံ သတင်းထောက် ကိစ္စဟာ ဥပဒေမဲ့ ဖမ်းဆီး တာ ဖြစ်တယ် ဆိုပြီး ခြွင်းချက် မရှိ လွှတ်ပေးဖို့ အထက် မြန်မာပြည် သတင်း သမား တွေက နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတကာ သံရုံးတွေကို တောင်းဆို လိုက်ပါတယ် ။

ဖေဖော်ဝါရီ ၂၇ ရက် မနက်က ကိုအောင်နေမျိုး ကို မူးယစ်ဆေး အကြောင်းပြ ဝင်ရှာ ပြီး နိုင်ငံတော် အရေးပေါ် စီမံချက် အက်ဥပဒေ နဲ့ ဖမ်းဆီး တာ ဟာ တရား မျှတမှု မရှိလို့ ဆိုပြီး သတင်း သမား တွေ မန္တလေးမှာ စုဝေး ပြီး တောင်းဆို လိုက် ကြတာပါ ။

ဒီကနေ့ အထက် မြန်မာပြည် သတင်းသမား တွေ တွေ့ဆုံတဲ့ ပွဲမှာ သတင်းဌာန ၁၅ ခု လောက်က သတင်း သမား ၃ဝ ကျော် တက်ရောက် ခဲ့ပါတယ် ။

စာနယ်ဇင်း ကောင်စီ ယာယီ နဲ့ ဂျာနယ်လစ် ကွန်ယက် စတဲ့ သတင်းသမား အဖွဲ့အစည်း တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက် သွားမယ် လို့ မန္တလေးခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုမင်းဒင်က ပြောပါတယ်။

မန္တလေးက သတင်းထောက် နဲ့ ကဗျာဆရာ ကိုရဲနွေ ကလည်း ကိုအောင်နေမျိုးကို ဖမ်းတာဟာ သတင်းသမား တွေကို အကြောက်တရား ဖြစ်အောင် အစိုးရက ရည်ရွယ်ချက် ရှိရှိ လုပ်တာလို့ ဆိုပါတယ် ။

သတင်းသမား တွေရဲ့ တောင်းဆိုချက်ကို သက်ဆိုင်ရာ သိအောင် ဒီကနေ့ အိတ်ဖွင့် ပေးလိုက်ပြီး နောက်ရက်တွေမှာ သက်ဆိုင်ရာ ဌာနအသီးသီး ကို ပေးပို့သွားမယ်လို့ သိရပါတယ် ။

သူတို့ တောင်းဆိုချက် ထဲမှာ ၁၄ ရက်အတွင်း ကိုအောင်နေမျိုးကို လွှတ်ပေးဖို့၊ တကယ်လို့ လွှတ်မပေးခဲ့ဘူးဆိုရင် လှုပ်ရှားမှု တွေကို ပုံစံ မျိုးစုံနဲ့ လုပ်ဆောင် သွားမယ်လို့ ထည့်သွင်း ထားတာ ကို တွေ့ရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ