မုံရွာ မွေးမြူရေးဇုန်က ကြက်ငုံးတွေ အားလုံး သုတ်သင် ရှင်းလင်းမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption မုံရွာ မွေးမြူရေးဇုန် ပြင်ပကို ကြက်ငှက် တုပ်ကွေးရောဂါ ပျံ့နှံ့သွားမှာကို စိုးရိမ်နေကြ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ မွေးမြူရေးဇုန်မှာ ကြက်ငှက် တုပ်ကွေးရောဂါ ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်တော့တဲ့အတွက် အဲဒီ မွေးမြူရေးဇုန်မှာ ရှိတဲ့ ကြက်ငုံးတွေကို စတင်သုတ်သင် ရှင်းလင်းနေပြီ ဖြစ်ပါတယ်။

အဲဒီ မုံရွာ မွေးမြူရေး ဇုန်မှာ ကြက်အကောင်ရေ တသိန်း လေးသောင်းကျော်နဲ့ ငုံးအကောင်ရေ ငါးသိန်းကျော် မွေးမြူထားတာ ဖြစ်ပြီး အဲဒီမှာ ရှိတဲ့ ကြက် ငုံးအားလုံးကို သီတင်း နှစ်ပတ်အတွင်း သုတ်သင် ရှင်းလင်းမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး မွေးမြူရေးနဲ့ ကုသရေး ညွန်ကြားရေးဉီးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ မွေးမြူရေး ဇုန်မှာ ကြက်ငှက် တုတ်ကွေး ရောဂါ ဖြစ်ပွားနေတယ်ဆိုပြီးဖေဖော်ဝါရီလ ၂၄ရက်နေ့က သက်ဆိုင်ရာက တရားဝင် ထုတ်ဖော် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ကြက် ငုံး အကောင်ရေ သောင်းချီ သေဆုံးခဲ့ပြီး သေဆုံးမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

အဲဒီ မွေးမြူရေး ဇုန်ရဲ့ ပြင်ပ ဒေသတွေဆီ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

မုံရွာ မွေးမြူရေးဇုန် ပြင်ပမှာတော့ ကြက် ငုံး ရောင်းဝယ် ဖောက်ကားမှုက ပုံမှန် ရှိနေတယ် ဆိုပေမယ့် ဒီသီတင်းပတ် အစောပိုင်းတုန်းက မွေးမြူရေးဇုန်ထဲက ရောဂါ ဖြစ်နေတဲ့ ကြက်တွေကို အပြင်ကို သယ်ထုတ်တာမျိုးတွေ ရှိခဲ့တဲ့အတွက် စိုးရိမ်မှုတချို့ ရှိနေဆဲ ဖြစ်ပါတယ်။