ကျောင်းသားတွေ ညလုံးပေါက် အစာငတ်ခံဆန္ဒပြ

student ဓာတ်ပုံ မူပိုင် Ap
Image caption သပိတ်မှောက် ကျောင်းသားတွေ ညလုံးပေါက် အစာငတ်ခံ ဆန္ဒပြ

မန္တလေးရန်ကုန် ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေဟာ ညလုံးပေါက်ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြကြနေကြပါတယ်။

မန္တလေးရန်ကုန် ပင်မ သပိတ်စစ်ကြောင်းကို လူစုခွဲဖို့ ပဲခူးတိုင်းလုံခြုံရေးအဖွဲ့က နောက်ဆုံးပေးထားတဲ့ ၆ နာရီ အချိန်ကျော်လွန်သွားခဲ့ပြီးနောက် သပိတ်မှောက်ကျောင်းသားတွေက လူစုခွဲမပေးသလို လုံခြုံရေး အဖွဲ့တွေကလည်း ဝိုင်းထားဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ သပိတ်မှောက်ကျောင်းသားတွေက သပိတ်မလှန်ပဲ အသေခံမယ်လို့ ဆိုနေပြီး သရဏဂုံတင် ထားကြတဲ့ အတွက် အခြေအနေဟာ အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပါတယ်။

ကျောင်းသားတွေဟာ ခရီးရှည်ချီတက်လမ်းလျှောက်ခဲ့ကြပြီး အစာငတ်ခံဆန္ဒပြကြတာ ဖြစ်သလို ရာသီဥတုလည်း ပူပြင်းတဲ့အတွက် ကျောင်းသား ၂ ဦးနဲ့ ကျောင်းသူ ၁ ဦးမူးလဲခဲ့ကြပါတယ်။ အခြား ကျောင်းသားတဦးလည်း နှာခေါင်း သွေးလျှံ ခဲ့ပါတယ်။

ရာသီဥတု ပူပြင်းတဲ့ အတွက် ရဲမေတယောက်လည်း မူးလဲခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအကြိမ် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးနဲ့ ကျောင်းသားတွေ ဆွေးနွေးခဲ့ရာမှာ နယ်လုံဝန်ကြီးဘက်က ဆက်လက်မချီတက်ရင် အကြမ်းမဖက်ဘူးလို့ ကတိပြုခဲ့ပါတယ်။

အင်္ဂါ နေ့ခင်းမှာ အနည်းဆုံး ကျောင်းသား ၃ယောက်လည်း ရဲကရိုက်နှက်တာခံခဲ့ရပါတယ်။

တချိန်တည်းမှာပဲ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။