အထည်​ချူပ်​လုပ်သား စုပေါင်း​သပိတ် ဖြို​ခွဲခံရ

  • 4 မတ် 2015
worker_strike
Image caption အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပေးဖို့ အစိုးရ က နှောင့်နှေး နေကြောင်း ဝေဖန်ခံနေရ။

အခြေခံ လုပ်ခ လစာ တိုးမြင့်ရေး တောင်းဆိုကြတဲ့ ရွှေပြည်သာ စက်မှုဇုံ အထည်ချုပ် စက်ရုံတွေက သပိတ်မှောက် အလုပ်သမား တွေ ရဲ့ ချီတက် လမ်းလျှောက်မှု ဟာ မတ်လ ၄ ရက် ဗုဒ္ဓဟူးနေ့ တုန်းက အင်းစိန် ဒညင်းကုန်း လမ်းဆုံ မှာ တားဆီး ဖြိုခွင်း ခံခဲ့ရ ပြီး စက်မှုဇုံ စက်ရုံရှေ့ ဖွင့်ထားတဲ့ သပိတ် စခန်းကို လည်း တနေ့တည်း မှာပဲ ရဲ တွေ က ဝင်ရောက် ဖျက်စီး ခဲ့ပါတယ်။

အလုပ်သမား နဲ့ အလုပ်ရှင် အကြား ဆွေးနွေး ညှိနှိုင်း ပေးဖို့ အစိုးရ အနေနဲ့ ပျက်ကွက် တဲ့ အပြင် အခုလို တင်းတင်းမာမာ ကိုင်တွယ်မှု အပေါ် အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ က အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံ မအိရွှေစင်ညွန့် က ဝေဖန် လိုက်ပါတယ်။

မြန်မာ နိုင်ငံ မှာ Minimum Wage လို့ ခေါ်တဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ် နိုင်ရေး ကို သုတေသန ပြုနေတာ တွေ၊ ဆွေးနွေးနေကြတာ တွေ ရှိပေမယ့် အစိုးရ ဘက်က တကယ်တမ်း အကောင်အထည် ဖော်ဖို့ နှောင့်နှေး နေရခြင်း ကလည်း အခုလို အလုပ်သမား ပြဿနာ တွေ ဖြစ်ပေါ် လာစေတဲ့ အကြောင်း တစ်ခု ဖြစ်တယ် ဆိုပြီး မအိရွှေစင်ညွန့် က ဘီဘီစီ ကို ပြောပါ တယ်။

အလုပ်သမား တွေ ရဲ့ တောင်းဆိုမှု တွေ ကို အလုပ်ရှင် တွေ အားလုံးနီးပါး က ဂရုမစိုက်ပဲ အလုပ်သမား အခွင့်အရေး တွေ ကို လစ်လျူရှု ထားကြတယ် ဆိုပြီး တော့လည်း သူက ဆိုပါတယ်။

ဆန္ဒပြသူတွေ ကို တားဆီး ခဲ့ပြီးတဲ့ နောက် အလုပ်သမား သပိတ် ခေါင်းဆောင် တချို့ ကို ဆွေးနွေး ဖို့ ခေါ်ယူထား တယ်လို့ မြောက်ပိုင်း ခရိုင် ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးမြင့်လွင် က အတည်ပြု ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ