ဆန္ဒပြ အလုပ်သမားတွေ ဖြိုခွင်းခံရ

ဓာတ်ပုံ မူပိုင် epa
Image caption ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ကလည်း E Land စက်ရုံရှေ့က သပိတ်စခန်း ဖြိုခွဲခံခဲ့ရ

အင်းစိန် ဒညင်းကုန်း လမ်းဆုံမှာ အပိတ်ခံ ထားရတဲ့ ဆန္ဒပြ အလုပ်သမားတွေကို ရဲတွေက ဖြိုခွင်းခဲ့ပြီး ညနေစောင်းမှာတော့ E Land မြန်မာ စက်ရုံရှေ့က အလုပ်သမား သပိတ်စခန်းကိုလည်း ရဲတွေက ဝင်ရောက် ဖျက်ဆီးခဲ့ပါတယ်။

ရွှေပြည်သာ စက်မှုဇုန်ကနေ မြို့တော် ခန်းမရှေ့ကို ချီတက် ဆန္ဒပြလာတဲ့ အလုပ်သမား(၁၀ဝ)လောက်ကို မတ်လ ၄ရက်နေ့ ဒီကနေ့မှာ ရဲအင်အား (၃၀ဝ)ကျော်လောက်က သံဆူးကြိုးတွေနဲ့ လမ်းကို ပိတ်ထားခဲ့ပါတယ်။

ဒညင်းကုန်း လမ်းဆုံ လမ်းခုလတ် ကနေ လှည့်ပြန်ဖို့ ရဲတွေက ပြောခဲ့ပေမယ့် အလုပ်သမားတွေက ဆက်ချီတက်မယ်ဆိုပြီး ပြောခဲ့တဲ့အတွက် နှစ်ဘက် ညှိနှိုင်းမှု မရခဲ့ပဲ ညနေပိုင်းမှာတော့ ရဲတွေက အလုပ်သမားတွေကို စတင် ဖြိုခွင်းခဲ့ပါတယ်။

အဖမ်းခံရတဲ့ အထဲမှာ သတင်းထောက် တချို့လည်း ပါသွားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးမြင့်လွင်ကတော့ ရဲတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေ အကြား ဖြေရှင်းမှုက အဆင်ပြေပြေ ပြီးသွားပြီ ဖြစ်ပြီး ခေါင်းဆောင်တချို့ကိုတော့ ဆွေးနွေးဖို့ ခေါ်ယူထားတယ်လို့ ပြောပါတယ်။

ညနေ (၆)နာရီလောက်မှာတော့ ရွှေပြည်သာ စက်မှုဇုန် ရှေ့က အလုပ်သမား သပိတ်စခန်း ကိုလည်း ရဲတွေ ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ ကိုရဲဇော်ထွန်းက ပြောပါတယ်။

အဖြိုခံရစဉ်မှာ အဲဒီ သပိတ်စခန်းမှာ အလုပ်သမား (၃၀)လောက်ပဲ ရှိနေခဲ့ပါတယ်။

သူတို့ကတော့ ထွက်ပြေးနေပြီး ဖမ်းဆီးခံရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

E Land မြန်မာ စက်ရုံရှေ့က သပိတ်စခန်းဟာ မကြာသေးခင် ကလည်း ဖြိုခွင်းခံ ခဲ့ရပြီး ခေါင်းဆောင် တချို့လည်း အဖမ်းခံ ထားရပါတယ်။

ဒီ့နောက်ပိုင်း အလုပ်သမားတွေက လူပြန်စုပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေပြီး မနက်ကတော့ အဲဒီက ဆန္ဒပြ အလုပ်သမားတွေဟာ မြို့တော်ခန်းမရှေ့ကို ချီတက်ဖို့ လမ်းလျှောက် ခဲ့ကြတာ ဖြစ်ပါတယ်။