မြို့တော်ခန်းမရှေ့ ဆန္ဒပြ ကျောင်းသားတွေ ရိုက်နှက် ဖြိုခွဲခံရ

ဓာတ်ပုံ မူပိုင် AP
Image caption ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်းအပါအဝင် လူ၈ဦး ဖမ်းဆီးခံခဲ့ရ

လက်ပံတန်းမှာ ပိတ်မိနေတဲ့ သပိတ်မှောက် ကျောင်းသားတွေ အပေါ် အကြမ်းမဖက်ဖို့ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေနဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လူတစုက ရိုက်နှက် ဖမ်းဆီးသွားခဲ့ပါတယ်။

စည်းကမ်းနဲ့ တာဝန် ဆိုတဲ့ စာသားတွေ ပါတဲ့ လက်ပတ် အနီရောင် ပတ်ထားတဲ့ အရပ်ဝတ်တွေက မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ လူ ၅၀ လောက်ကို ညနေ ၄နာရီကျော် လောက်မှာ ဝိုင်းဝန်း လူစုခွဲပြီး ရဲတပ်ဖွဲ့က လူ၈ဦးကို ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း လည်း ပါဝင်ပါတယ်။

သူတို့ကို ဖမ်းသွားတုန်း ကားပေါ်မှာ ပါသွားတဲ့ မနီလာသိန်းကို ရဲစခန်း မရောက်ခင် ဘီဘီစီက ဆက်သွယ်ခွင့်ရလိုက်ရာမှာ မနီလာသိန်းက အကြမ်းဖက်မှုကို လုံးဝ လက်မခံကြောင်းနဲ့ ပြဿနာကို တွေ့ဆုံ ညှိနှိုင်းတဲ့ နည်းနဲ့ အေးချမ်းစွာ ဖြေရှင်းဖို့ လိုလားကြောင်း ပြောသွားပါတယ်။

အခုအခါ ရန်ကင်း ရဲစခန်းနဲ့ ကပ်လျက် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ရုံးဟောင်းမှာ မနီလာသိန်းတို့ကို ထိန်းသိမ်းထားတယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

မြို့တော်ခန်းမရှေ့ ဖြစ်စဉ်မှာ သတင်းထောက် တချို့လည်း ဒဏ်ရာ ရတယ်လို့ သိရပေမယ့် ဘယ်သူ ဘယ်ဝါ ထိခိုက်တယ် ဆိုတာတော့ စုံစမ်းလို့ မရသေးပါဘူး။