စွမ်းအားရှင်တွေ ပြန်လာပြီလား

students ဓာတ်ပုံ မူပိုင် AP
Image caption စွမ်းအားရှင်တွေ ပြန်လာပြီလား

မြို့တော် ခန်းမရှေ့ ဆန္ဒပြသူ တွေကို ကြာသပတေး ညနေပိုင်းမှာ ရဲတွေ နဲ့ လက်ပတ် အနီဝတ် အရပ်သား တွေက ဝင်ရောက် ဖြိုခွင်းပြီး ဖမ်းဆီး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ဒီလက်ပတ် အနီ ဝတ်ထားတဲ့သူတွေက ဘယ်သူတွေပါလဲ။

ရဲတွေကတော့ လက်ပတ်အနီ ပတ်ထားပြီး အရပ်သားတွေပုံစံလို ဝတ်ဆင်ထားသူတွေ ပြည်သူ့အထောက်အကူပြုအဖွဲ့ဝင်တွေ ဖြစ်ပြီး ဆန္ဒပြသူတွေကို သူတို့တွေက ဖမ်းဆီးပြီး လာရောက်အပ်နှံတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလူတွေဟာ ဒီကနေ့ညနေ ဆူးလေက ဆန္ဒပြတဲ့ ကျောင်းသားတွေကို ဖမ်းဆီးတာမျိုး လုပ်ခဲ့သလို မနေ့က အင်းစိန် ဒညင်းကုန်းမှာ ဆန္ဒပြတဲ့ အလုပ်သမားတွေကိုလည်း ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

လူစုလူဝေး နဲ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ရင် အရပ်သားပြည်သူတွေက ဖမ်းဆီးပြီး ရဲလက်အပ်နိုင်တဲ့ ဥပဒေမျိုး ရှိတဲ့အတွက် ဒီလိုလုပ်တာဟာ တရားဝင်တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေး ကပြောပါတယ်။

ဒုရဲမှူးကြီး မြင့်ထွေး

ကျင့်ထုံးဥပဒေပုဒ်မ ၁၂၈ တို့၊ ကျင့်ထုံး ၅၃ တို့အရ သူတို့ လုပ်ခွင့်ရှိတယ်။ လက်နက်ကိုင် မဟုတ်တဲ့ အမျိုးသားတွေကို ဒီလိုဒီလို ဖမ်းဆီးချုပ်နှောင်ဖို့အတွက် အကူအညီတောင်းနိုင်တယ်။ သူတို့က ဖမ်းဆီးပြီး ရဲကို အပ်တာပါ။ ရဲကိုအပ်လို့ ရဲက အရေးယူဆောင်ရွက်တာပါ။

ဘီဘီစီ

သူတို့တတွေက လူတွေကို ဒီလိုဖမ်းဖို့ စနစ်တကျ လေ့ကျင့်ပေးထားတာလား။ ဖွဲ့စည်းပေးထားတာလား။

ဒုရဲမှူးကြီး မြင့်ထွေး

လေ့ကျင့်ပေးရအောင် ကျနော်တို့ တပ်ဖွဲ့ဝင်မဟုတ်ဘူးလေ။ ရဲမှာ အဲဒါမျိုးမရှိဘူး။ ရဲမှာ တပ်ဖွဲ့ဝင်ပဲ ရှိတယ်။

ဘီဘီစီ

ဒါဆို ဒါကို ဘယ်သူက ဦးဆောင်ပြီး ဖွဲ့ပေးတာလဲ။

ဒုရဲမှူးကြီး မြင့်ထွေး

ကျနော်က ရဲဖြစ်တဲ့အတွက် အဲဒီဖွဲ့တာ ကျနော်ဖွဲ့တာ မဟုတ်တဲ့အတွက် ကျနော် မသိနိုင်ပါဘူး။

ဘီဘီစီ

ရဲမှူးက အရှေ့ပိုင်းခရိုင်တပ်ဖွဲ့ရဲမှူးကြီးဆိုတော့ အရှေ့ပိုင်းခရိုင်မှာရော အဲသလိုဟာမျိုးတွေ ဖွဲ့ထားလား။

ဒုရဲမှူးကြီးမြင့်ထွေး

ကျနော်တို့ရဲမှာတော့ မရှိဘူးလေ။ သူတို့ရပ်ကွက်တွေ မြို့နယ်တွေ ရှိမရှိတော့ ကျနော်လည်း မပြောတတ်ဘူး။

ဘီဘီစီ

သူတို့တတွေကို ဒီလိုဖွဲ့ပြီး ဒီလို တိုက်ခိုင်းတာက ပြည်သူအချင်းချင်း ရန်တိုက်ပေးသလိုများ ဖြစ်မနေဘူးလား။

ဒုရဲမှူးကြီးမြင့်ထွေး

အဲဒါ ကျနော့်အပိုင်းမဟုတ်ဘူးလေ။ ကျနော်ခိုင်းတာမှ မဟုတ်တာ။ အဲဒီမေးခွန်းကျုပ်မေးလို့ ကျုပ်က ဘယ်လိုလုပ် ဖြေမလဲ။ ရန်တိုက်ပေးတဲ့အထဲမှာ ကျုပ်မပါဘူး။ အုပ်ချုပ်ရေးပိုင်း။ ခင်ဗျားသိချင်ရင် အဲဒီအုပ်ချုပ်ရေးပိုင်းကို မေးလေ။

ဘီဘီစီ

အုပ်ချုပ်ရေးပိုင်းကဆိုတော့ ဘယ်သူတွေက တာဝန်ယူထားတာလဲ ဆိုတာနဲ့ ပတ်သက်လို့ အင်းစိန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကြိုင်ကိုလည်း မေးထားပါတယ်။

ဦးမျိုးမြင့်ကြိုင်

အော် ဒါကတော့ ကျနော်တို့ဒီ ဟို ဟို ဒီပေါ့ဗျာ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျနော်တို့ အထောက်အကူပြုအဖွဲ့တွေလေ။ နောက်ပြီးတော့ အေးချမ်းသာယာဖို့ကို လိုလားတဲ့သူတွေပေါ့ဗျာ။ နော်။ ရပ်မိရပ်ဖတွေပါပဲဗျာနော်။

ဘီဘီစီ

သူတို့က ဒီ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှာ ပါတဲ့သူတွေလား

ဦးမျိုးမြင့်ကြိုင်

အဲလိုပေါ့။ အုပ်ချုပ်ရေးချင်း အထောက်အကူပြု အဖွဲ့တွေပေါ့ဗျာ။

ဘီဘီစီ

ဝန်ထမ်းတွေလားရှင်။ ဟုတ်ကဲ့။ အစိုးရဝန်ထမ်းတွေလား။

ဦးမျိုးမြင့်ကြိုင်

အုပ်ချုပ်ရေးနဲ့ အထောက်အကူပြုအဖွဲ့အစည်းတွေပေါ့ဗျာ။ အထောက်အကူပြုဆိုတာ ဒီလိုပဲ အထောက်အကူပြုတဲ့အဖွဲ့အစည်းတွေ အများကြီးရှိတာပေါ့ဗျာ။

ဘီဘီစီ

လူစုလူဝေးနဲ့ ဆနပြသူတွေကို ဒီလိုလူတွေနဲ့ ဖမ်းဆီးတာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းမှာ ဘယ်လို ပြဌာန်းထားတာမျိုး ရှိနေပါလဲ။ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းကို မေးကြည့်တော့

ဦးအောင်သိန်း

ဒီလူတွေဟာ ဌာနဆိုင်ရာက လိုအပ်လို့ အသုံးပြုခွင့်ရတဲ့ လူတွေဖြစ်တယ်ဆိုပြီးတော့ လုပ်ပိုင်ခွင့် ပေးထားတာလား။ ဟို ယူနီဖောင်းဝတ်ရဲက တာဝန်ယူရမယ့် ကိစ္စကို မယူဘဲနဲ့ ဒီလူတွေနဲ့ ဖမ်းဆီးချုပ်နှောင် ဖြိုခွင်းခြင်းဟာ ဒါ အရပ်သားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးတဲ့ သဘောသက်ရောက်တယ်။ ဒါဥပဒေအရ တရားဝင်တယ်လို့ မှတ်ယူလို့ မရနိုင်ဘူးဗျ။ ဒီဥပဒေနဲ့ အညီဆောင်ရွက်ဖို့ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းက မဆောင်ရွက်ဘဲနဲ့ ဒီလိုသာ အဲဒီလို ပေါက်တတ်ကရ တာဝန်မဲ့လူတွေကို ဆွဲဖမ်းပြီး လုပ်လို့ရှိရင် အဲဒီမှာ ခိုးမှု လုယက်မှုတွေရော ဖြစ်မသွားနိုင်ဘူးလား။ အဲဒါကို ဘယ်သူက တာဝန်ယူမှာလဲ။

ဘီဘီစီ အရင်အစိုးရ လက်ထပ်မှာတော့ စွမ်းအားရှင်ဆိုပြီး အသုံးချတာ မျိုးတွေ ရှိခဲ့ပါတယ်။ အခုတော့ တာဝန် ဆိုတဲ့ လက်ပတ်အနီဝတ်ဆင်ထားသူတွေကို လမ်းမတွေပေါ်လွှတ်ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခိုင်းတာတွေကို ရန်ကုန် နဲ့ နယ်မြို့တွေမှာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။