အရပ်သားသုံးပြီးလူစုခွဲတာနဲ့ ပတ်သက်လို့ အစိုးရ ရဲ့အမြင်

myanmar_protest
Image caption မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြသူများ ကို ဖြိုခွဲစဉ်

အရပ်သားသုံးပြီးလူစုခွဲတာ ဟာ ဥပဒေကြောင်း နဲ့ ညီမညီ ပြန်စိစစ် ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ကို သမ္မတရုံးကပြောကြား ထားကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ကြံရွယ်ချက်တွေ ရှိနေတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ဆူပူမငြိမ်သက်တာတွေ မဖြစ်အောင် ထိန်းသိမ်းကြဖို့ သမ္မတ က ညွှန်ကြားထားကြောင်းနဲ့ အခု ရန်ကုန်တိုင်းအစိုးရ ရဲ့ လူစုခွဲပုံနည်းလမ်းဟာ တရားဥပဒေအရ ခွင့်ပြုထားပေမယ့် လုပ်ကိုင်ဆောင်ရွက်ပုံဟာ တရားဥပဒေ နည်းလမ်း ကျ ပါရဲ့လား ဆိုတဲ့ ဆန်းစစ်မှု လုပ်ဖို့လိုမယ် လို့ သူထင်မြင်ကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

လက်ရှိ မှာ နိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ လုပ်ဆောင်နေတာဖြစ်ပြီး အခု အရပ်သားတွေ ကို အသုံးပြုခွင့်ပေးထားတဲ့ လူစုခွဲပုံနည်းလမ်း ဟာ အခုခေတ်နဲ့ကိုက်ညီမှု ရှိပါရဲ့လား ဆိုတာ ကို လည်း ကြည့်ဖို့လိုတယ် လို့ သူကဆိုပါတယ်။

အစိုးရအနေနဲ့ အကြမ်းဖက် လူစုခွဲစေ တာ ကိုနောက်ဆုံးနည်းလမ်း တခုအနေနဲ့ သာ သုံးဖို့ရည်ရွယ်ထားပြီး အခုကိစ္စမှာ ဆန္ဒပြသူတွေ ဘက်ကလည်း ဥပဒေကို လိုက်နာလေးစားဖို့ လိုတယ် လို့လည်း သူ က ပြောပါတယ်။

အခုလို ဒီလုပ်ဆောင်ချက် ကို ဥပဒေနဲ့ညီမညီ ပြန်စိစစ်မယ် ဆိုတာ က ဘယ်တော့လုပ်ဆောင်မှာလဲ ဆိုတဲ့ဘီဘီစီ ရဲ့အမေး ကိုတော့ သမ္မတရုံးညွှန်ကြားရေးမှူး က အတိအကျ ဖြေဆိုသွားတာ မရှိပါဘူး။