ရဲတွေနဲ့ အရပ်ဝတ်တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုကို ကျောင်းသားတွေ ကန့်ကွက်

Image caption အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း လှည်းတန်းမှာ ကျောင်းသားတွေ ဆန္ဒထုတ်ဖော်

ဒီမိုကရေစီ ပညာရေး တောင်းဆိုနေတဲ့ ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ လှည်းတန်းက ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ကမာရွတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အရာရှိက တားဆီးတာတွေ လုပ်ခဲ့ပေမယ့် ကြာသပတေးနေ့ တုန်းကလိုတော့ စွမ်းအားရှင်တွေ သုံးပြီး အကြမ်းဖက် လူစုခွဲတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် ရာဂဏန်း ရှိတဲ့ ရဲတပ်ဖွဲ့တွေနဲ့အတူ အရပ်ဝတ်နဲ့ လူတွေတော့ ရှိနေခဲ့ပါတယ်။ သူတို့လက်မောင်းမှာ အရင်နေ့ ကလို "တာဝန်" ဆိုတဲ့ လက်ပတ် အနီတွေ တပ်ဆင်ထားတာ မတွေ့ရပါဘူး။

ဆန္ဒပြ ကျောင်းသားတွေက "အကြမ်းဖက်မှု ရပ်" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

အဲဒီနောက်မှာ ဆန္ဒပြမှုတွေကို အဆုံးသတ်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း သပိတ်မှောက် ကျောင်းသားတွေအပေါ် အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း တက္ကသိုလ် ကျောင်းပေါက်ဝမှာ တက္ကသိုလ် ကျောင်းသား ၂၀လောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

မန္တလေး မြို့တွင်းကို လှည့်လည် ဆန္ဒပြမယ် ဆိုတဲ့ သတင်းကြောင့် မင်္ဂလာစျေးနဲ့ အောင်တော်မူ ဘုရားတဝိုက်မှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားသလို မြို့တွင်းမှာလည်း ရဲကားတွေ ကင်းလှည့်နေတာ တွေ့ရပါတယ်။

လက်ပံတောင်းမှာတော့ အတားခံထားရတဲ့ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသား ၅ဦးကို ဒီကနေ့ သောကြာနေ့မနက်က ရဲက ဖမ်းဆီးသွားပါတယ်။

ဒီမိုကရေစီ ပညာရေး တောင်းဆိုသူတွေကို ထောက်ခံသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အဲဒီ ကျောင်းသားတွေက လက်ပံတန်းစျေးနားမှာ ဆန္ဒပြနေစဉ်မှာ ရဲက ဖမ်းဆီးသွားခဲ့တာပါ။

Image caption မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ဖော်ထုတ်နေစဉ် အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်လာ

ကြာသပတေးနေ့ မနေ့ညနေက သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖေါ်နေစဉ် အဖမ်းခံခဲ့ရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ၈ ဦးကိုတော့ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

လက်ပတ်အနီ ပတ်ထားတဲ့ အရပ်ဝတ်နဲ့ လူတွေက ဖမ်းဆီးသွားပြီး ရန်ကင်း ရဲစခန်းဘေးက လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းရုံးမှာ တည အချုပ်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမျိုးသန့်နဲ့ မနီလာသိန်း အပါအဝင် ၈ ဦးကို ဒီကနေ့ သောကြာနေ့ မနက် ၆နာရီလောက်က လွှတ်ပေးလိုက်တာပါ။

သူတို့ကို ပုဒ်မ ၁၈နဲ့ အရေးယူကောင်း ယူမယ်လို့ သက်ဆိုင်ရာက ပြောခဲ့တယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက် ဖမ်းဆီး ခံခဲ့ရတာနဲ့ ပတ်သက်လို့ ၈၈အဖွဲ့နဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမယ်လို့ မနီလာသိန်းက ပြောပါတယ်။