အကြမ်းဖက် ဖြိုခွင်းမှု EUနဲ့ မဆိုင်ကြောင်း EU သံအမတ်ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ရဲတပ်ဖွဲ့ကလွဲလို့ တခြား ဘယ်အင်အားစုကိုမှ လေ့ကျင့် သင်ကြားပေးတာ မရှိဘူးလို့ EU ငြင်းဆို

EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာ ရဲတပ်ဖွဲ့ ကလွဲလို့ တခြား ဘယ်အင်အားစုကိုမှ လေ့ကျင့် သင်ကြားပေးတာမျိုး မရှိကြောင်း၊ ပြီးတဲ့ ရက်ပိုင်းက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေဟာ EU နဲ့ သက်ဆိုင်မှု မရှိ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရေစီ ပညာရေးစနစ် တောင်းဆိုနေတဲ့ ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်နေသူတွေကို ရဲနဲ့ အရပ်ဝတ်တွေက အင်အားသုံး ဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ ကျောင်းသားတွေက ရဲတပ်ဖွဲ့ကို သင်တန်းပေးနေတဲ့ EU ဥရောပ သမဂ္ဂ ရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြအပြီးမှာ မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က အခုလို တုန့်ပြန် ပြောကြားလိုက်တာပါ။

ကျောင်းသားတချို့က EU အပေါ် အပြစ်တင်လိုပုံ ရှိကြောင်း၊ အကြမ်းဖက် ဖြိုခွဲမှုတွေကို အရပ်ဝတ် အင်အားစုတွေက လုပ်ခဲ့တာ ဖြစ်ပြီး ဒီအတွက် EU ကို တာဝန်ခံခိုင်းလို့ မရကြောင်း သူက ပြောပါတယ်။

EU အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၂ဝ၁၃ခုနှစ် ကစပြီး လေ့ကျင့် သင်ကြားပေးခဲ့တာ ဖြစ်တဲ့အကြောင်း၊ ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မြှင့်တင်ပြီး အရေးပါတဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့၊ လူစုလူဝေး ဖြိုခွဲမှုတွေကို နောက်ဆုံး အဆင့်မှာသာ ထားပြီး လုပ်ဆောင်ကြဖို့တွေကို ရည်ရွယ် သင်ကြားပေးခဲ့တာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က ရှင်းပြပါတယ်။

မြန်မာ ရဲတပ်ဖွဲ့ကို သင်တန်းပေးဖို့ EU ဘက်က စပြောတာ မဟုတ်ပဲ အစိုးရဘက်ကရော NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပါ ပန်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ ပဋိပက္ခမှာ ရဲက ကိုင်တွယ်ခဲ့ပုံကို ကြည့်ရင် EU ရဲ့ လေ့ကျင့် သင်တန်း ပေးမှုကြောင့် အရင်နဲ့မတူတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ Human Rights Watch အပါအဝင် အဖွဲ့အစည်းတွေကတောင် ထုတ်ဖော် ချီးကြူးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဒီအကြမ်းဖက် ဖြိုခွင်းမှုတွေကို ကြည့်ခြင်းအားဖြင့် နောက်ထပ် လေ့ကျင့် သင်တန်းတွေ ထပ်ပေးဖို့ လိုနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ လို့လည်း သူက ပြောပါတယ်။