ကျောင်းသား ဆန္ဒပြမှု ဆက်ဖြစ်ဆဲ

  • 7 မတ် 2015
students
Image caption ပိတ်ဆို့ ခံနေရတဲ့ လက်ပံတန်း ရောက် ကျောင်းသား တွေ

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြ နေတဲ့ လက်ပံတန်း ရောက် ကျောင်းသား သပိတ်ထဲက ဖမ်းသွားတဲ့ ကျောင်းသား ၅ယောက် ကို စနေနေ့ မွန်းလွဲပိုင်း မှာ လွှတ်ပေးလိုက် ပါတယ်။

နယ်မြို့နယ် တချို့မှာ လည်း လက်ပံတန်း ကျောင်းသားတွေ အရေးနဲ့ ရန်ကုန်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွက် ဆန္ဒပြ ခဲ့ကြပါတယ်။

မတ်လ ၆ ရက်နေ့ မနက် က လက်ပံတန်းမှာ ရောက်နေတဲ့ ကျောင်းသား သပိတ် ထဲက မန္တလေးနဲ့ ကျောက်ဆည် ခရိုင် ဗကသ ကျောင်းသား ၅ယောက် က သူတို့ တားဆီး ပိတ်ပင် ခံရတာနဲ့ ရန်ကုန် မှာ သူတို့ကို ထောက်ခံ ဆန္ဒပြသူ တွေကို အကြမ်းဖက်တဲ့ ကိစ္စအတွက် လက်ပံတန်း ဈေးမှာ ဆန္ဒပြ လို့ ဖမ်းခံရ ပြီး စနေ နေ့ မွန်းလွဲ ၂နာရီကျော်မှာ သက်ဆိုင်ရာက လွှတ်ပေးလိုက် ပါတယ်။

သူတို့ကို အစက လက်ပံတန်းရဲစခန်းမှာ မေးမြန်းပြီး နောက် သာယာဝတီ ရဲစခန်းမှာ ထပ်ပြီး နေရပ် လိပ်စာနဲ့ ဆန္ဒပြတဲ့ အကြောင်းရင်းတွေ မေးမြန်းပြီး ဘာ ခံဝန်ချက်မှ မပါဘဲ ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ ပြန်လွတ် လာသူတွေက ပြောပါတယ်။

လက်ပံတန်း ရောက် ကျောင်းသား တွေကို ဖမ်းဆီးတာ ပိတ်ဆို့ထားတာ နဲ့ ပတ်သက်ပြီး ကျောက်ဆည်မှာ ရှိတဲ့ ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း ကလည်း ကျောက်ဆည် မှာ ဆန္ဒပြခဲ့ကြ ပါသေးတယ်။

သူတို့ ဆန္ဒမပြခင်မှာ သက်ဆိုင်ရာက ခေါ်ပြီး သတိပေးတာ လုပ်ခဲ့သေးတဲ့ အကြောင်း ကျောက်ဆည် ၈၈ ပွင့်လင်း အဖွဲ့ဝင် ကိုသီဟက ပြောပါတယ်။

မကွေး မြသလွန် ဘုရားမှာ လည်း ရေနံချောင်း ဒီဂရီကောလိပ်၊ မကွေး ပညာရေး တက္ကသိုလ်နဲ့ မကွေး ဝိဇ္ဖာသိပ္ပံ တက္ကသိုလ် ကျောင်းသား ၃ဝ ဝန်းကျင် လောက်က သပိတ်မှောက် ကျောင်းသားတွေ အတွက် ဝတ်ပြု ဆုတောင်းပွဲ လုပ်ခဲ့ ပါသေးတယ်။

ခုလို နယ်မြို့တွေမှာ ဆန္ဒပြ သလို ရန်ကုန်က ကျောင်းသား တချို့နဲ့ ကျောင်းသား လှုပ်ရှားမှုကို ထောက်ခံသူတွေ ကလည်း ဗိုလ်တထောင် ဘုရားမှာ ဝတ်ပြု ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။

ကရင်နီ ကျောင်းသားတွေ ကတော့ လက်ပံတန်း ရောက် ကျောင်းသား တွေနဲ့ ပူးပေါင်းဖို့ ဖယ်ခုံမြို့ ကနေ ထွက်လာပြီလို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ