လက်​ပံ​တန်း​အရေး​စိတ်​ထိခိုက်​ကြောင်း အီး​ယူ ပြော

  • 10 မတ် 2015
_students
Image caption လက်ပံတန်းအရေး တရားဝင် စုံစမ်းမှု တစ်ရပ် အမြန်ဆုံး လုပ်ဖို့ အီးယူ တောင်းဆို။

ပညာရေး လွတ်လပ်ခွင့် ကို တောင်းဆို ဆန္ဒပြ သူ တွေ ကို လက်ပံတန်း မြို့ မှာ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေ က နံပါတ်ဒုတ် တွေ သုံး ရိုက်နှက် ဖြိုခွဲ ပြီး ကျောင်းသား ၁၀၀ ကျော် ကို ဖမ်းဆီး လိုက်တဲ့ အပေါ် ဥရောပ သမဂ္ဂ အီးယူ အဖွဲ့က ဝမ်းနည်း ကြောင်း ပြောလိုက် ပါတယ်။

လက်ပံတန်း မြို့ အဖြစ်အပျက် မှာ ရဲတွေ ရဲ့ ပိတ်ဆို့ မှု ကို ဖောက်ထွက် ဖို့ ကြိုးစား ကြတဲ့ ကျောင်းသား တွေ ဟာ အဲဒီ့လို ရိုက်နှက် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အခုလို အင်အားသုံး ဖြိုခွင်းခဲ့တဲ့ အတွက် အလွန် စိတ်ထိခိုက် ရတယ် ဆိုပြီး ဥရောပ သမဂ္ဂ အဖွဲ့ ရဲ့ ကိုယ်စားလှယ် က ပြော ပါတယ်။

လူစုလူဝေး ကို ထိန်းသိမ်း ကိုင်တွယ်ပုံ နဲ့ ပတ်သက် ပြီး မြန်မာ ရဲ တွေ ကို ဥရောပ သမဂ္ဂ က သင်တန်းတွေ ပေးနေခဲ့တာ ဖြစ်ပါတယ်။

အခု လက်ပံတန်း ကိစ္စ အပေါ် တရားဝင် စုံစမ်း စစ်ဆေးမှု တစ်ရပ် အမြန်ဆုံး လုပ်ဖို့ မြန်မာ အစိုးရ ကို အီးယူ က တောင်းဆို လိုက်ပါတယ်။

မြန်မာ အစိုးရ နဲ့ NLD ပါတီ တို့ရဲ့ တိုက်ရိုက် မေတ္တာ ရပ်ခံချက် ကြောင့် မြန်မာ ရဲ တပ်ဖွဲ့ ကို နိုင်ငံတကာ စံနှုန်းစံထား တွေ နဲ့ အညီ ပြုမူ ဆောင်ရွက် နိုင်ရေး အတွက် အီးယူ အနေနဲ့ သင်တန်း တွေ စတင် ပေးခဲ့တာ ဖြစ်တယ် လို့ လည်း အီးယူ အဖွဲ့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ