လက်ပံတန်း ဖြိုခွဲမှု ကန့်ကွက် ဝေဖန်

  • 10 မတ် 2015
students ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတွေအပေါ် ရဲက အင်အားသုံး ဖြိုခွဲ

လက်ပံတန်း မှာ ကျောင်းသား တွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက် တွေ့ ခဲ့တာဟာ လူစုခွဲပြီး အိမ်ပြန်ဖို့ ညှိနှိုင်း ထားပြီးမှ ရဲတပ်ဖွဲ့က တားမြစ် ထားတဲ့ နေရာကို ထိုးဖောက်ပြီး ထွက်တာ ကြောင့် အခုလို ရုန်းရင်း ဆန်ခတ် ဖြစ်ရတာ လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ ဒုတိယတိုင်းမှူး ရဲမှူးကြီး ဝင်းစိန် က ပြောပါတယ် ။

ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် က ဒေါက်တာ သိန်းလွင် ကတော့ မတရားတဲ့ လုပ်ရပ် ဖြစ်တယ် လို့ ပြောပါတယ်။

အကြမ်းဖက်မှု တွေက မဖြစ်သင့် ဘူး လို့ NLD ရဲ့ သဘောထား ကို ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြော ပါတယ် ။

သတင်းထောက် တချို့ ကို ရဲက ရိုက်နှက် ဖမ်းဆီး တာကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း နဲ့ ဖမ်းထားတဲ့ သတင်းထောက် တွေကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ က ကြေညာချက် ထုတ် တောင်းဆို သလို ကျောင်းသား တွေကို ဖြိုခွဲမှု နဲ့ သတင်းမီဒီယာ တွေကို ဖိနှိပ်မှု အဖြစ် Pen Myanmar အဖွဲ့က ကန့်ကွက် လိုက်ပါတယ်။

ရဲက အင်အားသုံး ပြီးဖြိုခွင်း ခဲ့တာ ကို ရှုတ်ချပြီး ဖမ်းဆီး ထားသူ တွေကို ခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ ABSDF မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ကလည်း ကြေညာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေ အပေါ် ရဲက အင်အားသုံး ဖြိုခွဲခဲ့ တာနဲ့ ပတ်သက် လို့ အကြီးအကျယ် စိတ် အနှောင့်အယှက် ဖြစ်မိတယ် လို့ မြန်မာ ရဲတပ်ဖွဲ့ ကို သင်တန်း ပေးခဲ့တဲ့ EU ဥရောပ သမဂ္ဂ အဖွဲ့ က ကြေညာချက် ထုတ် ရှုတ်ချ လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံရုံး ကလည်း လက်ပံတန်း ဆန္ဒပြ ကျောင်းသား တွေ အင်အားသုံး ဖြိုခွင်း ခံရတဲ့ ကိစ္စ ပေါ်မှာရော၊ မတ်လ ၅ ရက် နေ့က မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြသူ တွေကို လက်ပတ်နီ အရပ်ဝတ် တွေက အကြမ်းဖက် ဖြိုခွဲ ခဲ့တဲ့ ကိစ္စ ပေါ်မှာပါ အကြီးအကျယ် စိုးရိမ် မကင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်း နေတာတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီး ကလည်း တောင်းဆို လိုက်ပါတယ်။

ကျောင်းသား တွေ ကို ဒီနေ့ မနက်က ဖြိုခွင်းမှု တွေ ဖြစ်ပွားခဲ့တာ နဲ့ ပတ်သက်ပြီး ဒီအဆင့်ထိ မရောက်အောင် ကျောင်းသားတွေ ဘက်က အစိုးရနဲ့ ညှိနှိုင်းဖို့ အခွင့်အလမ်း တွေ ပေါ်ခဲ့တယ်၊ ကျောင်းသား တွေ ဘက်က မဆုပ်ကိုင် နိုင်ခဲ့ဘူး ဆိုတဲ့ ဝေဖန်မှု တွေလည်း ရှိခဲ့တယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး ယဉ်ကျေးမှုဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ ခက်ခဲ နေပြီး မူလ ဆန့်ကျင်တဲ့ ရပ်တည်ချက် တွေမှာပဲ အတိုက်အခံနဲ့ အစိုးရ ဘက်က ရပ်တည်လိုကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ ဒီနေ့ ဖြိုခွဲ ခံရတဲ့ ကျောင်းသားတွေ အပေါ် ပြစ်တင်မှု မလုပ်လိုဘူးလို့ စာရေးဆရာ ကျော်ဝင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ