ပညာရေးဥပဒေ လွှတ်တော်ကြားနာပွဲ မြေလတ်နဲ့ တကသ တက်မယ်

Image caption တက်ရောက်မှု ကို ညှိနှိုင်း ဆောင်ရွက် မှုနဲ့ သဘောတူညီချက် အတိုင်း ဆက်သွားမယ်

လက်ပံတန်းမှာ ကျောင်းသား သပိတ် စစ်ကြောင်း အင်္ဂါနေ့က ဖြိုခွင်း ခံရ ပေမယ့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် မြေလတ်ဒေသ နဲ့ တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ အဖွဲ့ (တကသ) ကျောင်းသား တွေ ကတော့ ပညာရေး ဥပဒေ မူကြမ်း နဲ့ ပတ်သက်ပြီး မတ်လ (၁၆)ရက်နေ့ အမျိုးသား လွှတ်တော် ကြားနာ ပွဲကို တက်ရောက်မယ် လို့ ပြောကြား လိုက်ပါတယ်။

တက်ရောက်မှု ကိုလည်း ညှိနှိုင်း ဆောင်ရွက် မှုနဲ့ သဘောတူညီချက် အတိုင်း ဆက်သွားမှာ ဖြစ်တယ်လို့ တကသ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင် က ပြောပါ တယ်။

တဘက်မှာတော့ ဗကသ ကျောင်းသား ကိုယ်စားလှယ် ကိုအောင်နေပိုင်က မြေလတ်နဲ့ တကတ တို့ရဲ့ ဆုံးဖြတ်ချက် အပေါ် ဘာမှာ မဖြေမပေး လိုဘူးလို့ ဆိုပါတယ်။ သူတို့ ဗကသ အနေနဲ့ ကတော့ ကျောင်းသား ခေါင်းဆောင်တွေ အဖမ်း ခံထား ရတဲ့ အတွက် ကြားနာ ပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တကယ်တော့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ ကို ဗကသများ အဖွဲ့ချုပ် မြေလတ် ဒေသ အဖွဲ့ဝင် (၃) ဦး၊ တကသ အဖွဲ့ဝင် (၆)ဦး ၊ နဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က (၆) ဦး စီနဲ့ ဖွဲ့စည်း ထား တာပါ။

၁၆ ရက်နေ့ ပြန်လည် ကြားနာမယ့် အစီ အစဉ်ကို အမျိုးသား လွှတ်တော် ကနေ ကျောင်းသားတွေ နဲ့ NNER က ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖိတ်ကြား ထားတာ ဖြစ်ပါတယ်။

အစတုန်း ကတော့ ဒီလွှတ်တော် ကြားနာမှု ကို အခုလ (၅) ရက်နေ့ ကနေ (၁၅) ရက်နေ့ အထိ လုပ်ဖို့ သဘောတူ ထားခဲ့တာပါ။ ဒါပေမယ့် လက်ပံတန်းမှာ ပင်မ သပိတ် စစ်ကြောင်း အပိတ်ခံ ထားရတဲ့ အတွက် ဆိုပြီး ကျောင်းသားတွေ နဲ့ NNER ဘက်က မတက် ရောက် ခဲ့ပဲ ကြားနာမှု လည်း ပျက်သွား ခဲ့ရ ပါတယ်။

မတ်လ (၁၆)ရက်နေ့မှာ လုပ်မယ့် လွှတ်တော် ကြားနာပွဲ ပထမဆုံး နေ့မှာ ကျောင်းသား တွေက စတင် ဆွေးနွေးမှာ ဖြစ်ပြီး နောက်နေ့တွေ မှာတော့ NNER ၊ အစိုးရ နဲ့ လွှတ်တော် တွေဘက်က တစ်ရက်စီ ဆွေးနွေး ရမှာ ဖြစ်ပါတယ်။

ပထမ တခေါက် လွှတ်တော် ကြားနာပွဲ တုန်းက မတက်ခဲ့တဲ့ NNER ဘက်က ဒီတခေါက် ဆွေးနွေးပွဲ တက်ရောက် မလား ဆိုတာ ကိုတော့ လောလော ဆယ် ဆွေးနွေး နေဆဲ ဖြစ်ပြီး ဆုံးဖြတ်ချက် မချရ သေးဘူးလို့ NNER ကိုယ်စားလှယ် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ