ဖမ်းထားတဲ့ ဆန္ဒပြ ကျောင်းသားတွေကို ပုဒ်မ၅ခုနဲ့ တရားစွဲ

ဓာတ်ပုံ မူပိုင် epa
Image caption ရုံးထုတ်လာတဲ့ ကျောင်းသားတွေကို မိသားစုတွေနဲ့ တွေ့ခွင့်မပြု

မတ်လ ၁၀ ရက် ညနေပိုင်းက လက်ပံတန်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီး ခံခဲ့ရသူတွေထဲက ၆၀ ကျော်ကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်ခဲ့မှု၊ လူစုခွဲဖို့ အမိန့်ပေးပြီး နောက်ပိုင်းမှာ ဆက်လက် ပါဝင်ခဲ့မှု၊ ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို နာကျင်စေခဲ့မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ တရားစွဲထားပြီး လာမယ့် မတ်လ ၁၅ရက်နေ့မှာ ရုံးချိန်း ပြန်ခေါ်ထားတယ်လို့ သိရပါတယ်။

သူတို့ကို ရုံးထုတ်ရာမှာ အလုံပိတ်ကားနဲ့ တင်လာပြီး မိသားစုတွေရော၊ သတင်းထောက်တွေပါ တရားရုံးအတွင်း ဝင်ခွင့် မရသလို မမြင်ရအောင်လည်း တားဆီး ပိတ်ဆို့ထားတယ်လို့ ရုံးထုတ်ကို လာစောင့်နေတဲ့ မိဘတွေကပြောပါတယ်။

တရားရုံးက အထွက်မှာတော့ ကျောင်းသားတွေက သူတို့ အလွန်အကျူး ဖိနှိပ် ခံရပါတယ်လို့ အော်သွားတာ ကြားရကြောင်း သတင်းထောက်တွေက ပြောပါတယ်။

မိသားစုနဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ ထောင်ဝင်စာ တွေ့ခွင့်ရရေးနဲ့ နောက်တရားရုံးချိန်းမှာ မိသားစုနဲ့ ရှေ့နေ လိုက်ပါခွင့် ရရေး ဆောင်ရွက်သွားမယ်လို့ ပြောကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ website မှာတော့ တက္ကသိုလ်၊ ကောလိပ်တွေမှာ အမှန်တကယ် ပညာသင်နေတဲ့ ကျောင်းသားတွေ ပညာဆက်သင်နိုင်ရေး စေတနာ ထားသောအားဖြင့် လည်းကောင်း၊ မိဘတွေအပေါ် စာနာ ထောက်ထားတာကြောင့် လည်းကောင်း၊ ကျူးလွန်သော ပြစ်မှုတွေအပေါ် သက်ညှာသောအားဖြင့် သော်လည်းကောင်း သက်ဆိုင်ရာ မိဘတွေဆီ ဆက်သွယ်ပြီး ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လည် အပ်နှံဖို့ စီစဉ် နေတယ်လို့ ဖေါ်ပြထားပါတယ်။

နောက်ကွယ်ကနေ အားပေးအားမြှောက် လုပ်ပြီး ကြိုးကိုင် စီစဉ်နေသူတွေကို တည်ဆဲ ဥပဒေတွေနဲ့ အညီ အရေးယူ သွားမယ်လို့လည်း ဆိုပါတယ်။

မြင်းခြံမြို့မှာတော့ ပြီးခဲ့တဲ့ ဇန္နဝါရီလကုန်တုန်းက မြင်းခြံ ဒီဂရီ ကောလိပ်မှာ နိုင်ငံတော် အလံကို ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂ အလံတင်ခဲ့မှုနဲ့ မုံရွာ နည်းပညာကောလိပ်က တတိယနှစ်ကျောင်းသား မောင်စိုးလှိုင်ကို မြင်းခြံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။