လက်ပံတောင်း သံဃာတွေ ပြည်ထဲရေး တရားစွဲမယ်

letpadaung ဓာတ်ပုံ မူပိုင် bbc
Image caption သံဃာ ၁ဝဝ ကျော် မီးလောင် ဒဏ်ရာ ကြောင့် ဆေးရုံတင် ခဲ့ရ

၂ဝ၁၂ က လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန့်ကျင် တဲ့ ဆန္ဒပြပွဲမှာ ရဲတွေ နှိမ်နှင်း လို့ မီးလောင် ဒဏ်ရာ တွေ ရခဲ့တဲ့ သံဃာတော် တွေ က ပြည်ထဲရေး ဌာန ဝန်ကြီး ကို တရား စွဲဆိုဖို့ ရဲဌာန မှာ သွားရောက် အမှုဖွင့် တိုင်ကြား ခဲ့ပါတယ်။

မီးလောင် ဒဏ်ရာ တွေ ရခဲ့တဲ့ သံဃာတော် တွေ က ရဲတွေ အနေနဲ့ သူတို့အပေါ် မတရား လုပ်ဆောင် ချက်တွေ လုပ်ခွင့် ပေးခဲ့တဲ့၊ တရားမဝင် လက်နက် ဖြစ်တဲ့ ဖော့စပရပ်ဓာတ် ပါတဲ့ လက်နက်တွေ ကို အသုံးပြုခွင့် ပေးခဲ့တဲ့ စေခိုင်း ခဲ့တဲ့ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်ကိုကို ကို အရေးယူ ပေးဖို့ တရားရေး လမ်းကြောင်း အရ အမှုစွဲဆိုဖို့ ကြိုးစား ခဲ့တာပါ။

အဲဒီ အခင်း ဖြစ်ခဲ့တဲ့ အပိုင်နယ် က ဆားလင်းကြီး ရဲဌာန မှာ မတ်လ ၁၁ ရက်က သွားပြီး အမှုဖွင့်ခဲ့တာ လို့ မီးလောင် ဒဏ်ရာ တွေ ရခဲ့စဉ် က ဆေးရုံမှာ ၇ လ ကျော် တက်ရောက် ကုသ ခဲ့ရတဲ့ မုံရွာ ကျောက်ဝိုင်း တောရ က အရှင် တိက္ခဉာဏ က မိန့်ပါတယ်။

ထိခိုက်ခဲ့တဲ့ သံဃာတော် တွေ အတွက် အာဏာပိုင်တွေ က ဘာတခုမှ အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့ အတွက် အခုလို တရားစွဲဖို့ ကြိုးစားတာ လို့လည်း မိန့်ပါတယ်။

သံဃာတွေ အနေနဲ့ မြန်မာပြည် မှာ ရှိတဲ့ ဥပဒေတွေ အရ တရားစွဲဆို ပိုင်ခွင့် မရှိတဲ့အတွက် သူတို့ ကိုယ်စား လူပုဂ္ဂိုလ် တယောက် က တရားစွဲတဲ့ အရေး ဆောင်ရွက် ပေးတယ် လို့လည်း ဆိုပါတယ်။

အခု သံဃာတော်တွေရဲ့ တရားမျှတမှု တောင်းဆိုတဲ့ အရေး ကို Justice Trust ဆိုတဲ့ ဥပဒေ ကြောင်း ဆိုင်ရာ အန်ဂျီအို အဖွဲ့ တခု ကလည်း အကူအညီ ပေးနေ သလို ရှေ့နေ ဦးအောင်သိန်း တို့က လည်း အဲဒီအဖွဲ့နဲ့ အတူ သံဃာတော် တွေ ကို ကူညီ ဆောင်ရွက် ပေးနေပါတယ်။

လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန္ဒပြတဲ့ အရေး ကို ဖြိုခွဲစဉ် က သံဃာတော် အပါး ၁ဝဝ ကျော် မီးလောင် ဒဏ်ရာတွေ ကြောင့် ဆေးရုံတင် ခဲ့ရပြီး ၅၇ ပါး ဆေးရုံမှာ ရက်ရှည် လရှည် တက်ရောက် ကုသ ခဲ့ရတဲ့ အထိ ဒဏ်ရာတွေ ပြင်းထန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ