စစ်တွေ တောင်ကုတ် ခရီးသည်တင် သင်္ဘောမှောက်

  • 14 မတ် 2015
rakhine_ferry_capsize ဓာတ်ပုံ မူပိုင် AFP
Image caption အသက်မသေဘဲ ကယ်ဆယ်နိုင်ခဲ့သူများ

တောင်ကုတ်ကနေ စစ်တွေကို ပြေးဆွဲနေတဲ့ အစိုးရပိုင် အောင်တံခွန် ၃ သင်္ဘောဟာ မြေပုံမြို့နယ်ထဲက ငပယု ကျွန်းနဲ့ မြောက်ကျွိန်ကျွန်းအနီးမှာ မနေ့ညက နစ်မြုပ်သွားပါတယ်။

အစိုးရက သင်္ဘောပေါ် ပါသွားသူတွေ ထဲက ၁၆၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆယ်ယူရရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ ခရီးသည် တွေထဲက ၃၂ ဦးရဲ့ အလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပြီး နောက်ထပ် ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ဒီသင်္ဘောပေါ်မှာ တောင်ကုတ်၊ ကျောက်ဖြူ ၊ မြေပုံ ၊ ပေါက်တော နဲ့ စစ်တွေ မြို့တွေက ခရီးသည်တွေ လိုက်ပါ လာတာဖြစ်ပြီး ည ၈ နာရီခွဲလောက်မှာ သင်္ဘောကိုယ်ထည်ထဲ ရေတွေ စဝင်လာပြီး နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည် ကိုညီလင်းက ပြောပါတယ်။

အဲဒီ အောင်တံခွန် ၃ သင်္ဘောဟာ ၂ ထပ်သင်္ဘောဖြစ်ကာ တောင်ကုတ်နဲ့ စစ်တွေအကြား အရင်ကတည်းက ပြေးဆွဲနေခဲ့တာ ဖြစ်ပြီး အရင်က ဒီလို ဆိုးရွားတဲ့ နစ်မြုပ်မှုမျိုးတွေ မကြုံခဲ့ဘူးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ပြောပါတယ်။

သင်္ဘောနစ်မြုပ်စဉ်မှာ ခရီးသည် ၂၁၄ ဦး လိုက်ပါလာခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားခဲ့ပေမယ့် သင်္ဘောဟာ မြို့ဝင် မြို့ထွက် ဆိပ်ကမ်းတွေမှာ ခရီးသည် အတက်အဆင်းတွေ ရှိတာကြောင့် လိုက်ပါလာခဲ့သူ ဒီထက် ပိုများမယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ် အစိုးရကတော့ ခရီးသည်တွေထဲက အသက်ဆုံးရှုံး ခဲ့ရသူတွေကို တဦးစီအတွက် ကျပ် ၁ သိန်းနဲ့ အသက်ရှင်လျက် ကျန်ရစ် သူတွေကို ငွေကျပ် ၅ သောင်းစီ ထောက်ပံ့ကြေး ပေးမယ်လို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်။