ABSDF မြောက်ပိုင်းလူသတ်မှု အထောက်အထား မခိုင်လုံ

  • 15 မတ် 2015

ABSDF ကျောင်းသား တပ်မတော် မြောက်ပိုင်းမှာ ၁၉၉၁-၉၂ ခုနှစ်တွေ အတွင်း အသတ်ခံ ရတဲ့ သူတွေ ဟာ အစိုးရက လွှတ်လိုက်တဲ့ ထောက်လှမ်း ရေး ဆိုပြီး ပြောလို့ ရတဲ့ ခိုင်လုံတဲ့ အထောက် အထား မတွေ့ရ ဘူးလို့ ABSDF ရဲ့ အမှန် တရားနဲ့ တရားမျှ တမှု ဖော်ထုတ်ရေး ကော်မတီက တနင်္ဂနွေ နေ့မှာ ပြောကြား လိုက်ပါတယ်။

သူတို့ တွေ့ရှိတဲ့ သက်သေ တွေဟာ စစ်ကြောရေး ကာလ အတွင်း ညှင်းပန်း နှိပ်စက် ပြီး ထွက်ရှိချက် တွေကိုသာ သက်သေ အဖြစ် တွေ့ရှိ ရတယ်လို့ ကော်မတီ အဖွဲ့ဝင် ကိုကျော်ကျော်ဦးက ပြောပါ တယ်။

ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက် ခဲ့တဲ့ လူပေါင်း ၆၀ ကျော် နဲ့ တွေ့ဆုံ မေးမြန်းပြီး အခုလို အစီရင် ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခု ဆိုရင် ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၃ နှစ် ရှိခဲ့ ပါပြီ။

အဲဒီ အချိန်က စစ်တပ် ထောက်လှမ်းရေး လို့ စွပ်စွဲ ဖမ်းဆီးခံ ရပြီး ပြန် လွတ်မြောက် ခဲ့သူ ကိုဘိုဘိုက တော့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တစိတ် တပိုင်း ကျေနပ်မှု ရှိကြောင်း၊ နောက်မျိုး ဆက်တွေ အတွက် သင်ခန်းစာ ပေးခဲ့ ချင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖြစ်စဉ်

Image caption ကျောင်းသား တပ်မှာ ထောက်လှမ်း ရေးတွေ ရောက်နေတယ် ဆိုတဲ့ ကောလ ဟာလ သတင်း တွေက စခဲ့

ဒီပြဿနာ တွေ စခဲ့တာ ကတော့ ABSDF မြောက်ပိုင်း က ကျောင်းသား တပ်မတော် မှာ စစ် ထောက်လှမ်း ရေးတွေ ရောက်နေတယ် ဆိုတဲ့ ကောလ ဟာလ သတင်း တွေက ဖြစ်ပါတယ်။

အဲဒီနောက် တပ်ရင်း အမှတ် ၅၀၁ က ရဲဘော်သစ် တဦး ဖြစ်တဲ့ စိုးမင်းအောင်ဟာ ကျောင်းသား တပ်က ထွက် ပြေးပြီး ပြန် ဖမ်းမိတဲ့ အချိန်မှာ ထောက်လှမ်းရေး ဆိုတဲ့ လူ ၆၀ ကျော် အမည်ပါ စာရင်း တစ်ခုကို ပေးခဲ့ပြီး၊ နောက်ပိုင်း မှာ ၃၆ ဦး အသတ် ခံခဲ့ ရတာ ဖြစ်တယ်လို့ အစီရင် ခံစာမှာ ဖော်ပြထား ပါတယ်။

ဒီအစီရင် ခံစာရဲ့ တွေ့ရှိချက် တွေနဲ့ ပတ်သက်လို့ သတ်ဖြတ်ခံ ရသူတွေ ထဲက မိသားစု ဝင်တစ် ဦးဖြစ်သူ မသင်းသင်းဝင်းက အခု အစီရင် ခံစာဟာ လမ်းကြောင်း တခု ပေါ်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် တကယ့် အမှန် တရား အစစ်အမှန် တော့ မဖြစ် သေးဘူးလို့ ပြောပါတယ်။

ကော်မတီက ဒီ ဖြစ်စဉ်မှာ အသတ်ခံ ရတဲ့ မိသားစု ဝင်တွေ ကို ရုပ်ပိုင်းနဲ စိတ်ပိုင်း ဆိုင်ရာ အကူ အညီတွေ ပေးဖို့နဲ့ တာဝန်ရှိသူ ဘယ်သူ့ ကိုမဆို နိုင်ငံ ရေး တာဝန်တွေ ပေးတာ၊ ရုပ်သိမ်းခြင်း၊ တားမြစ်ခြင်းတွေ လုပ်ဖို့၊ တာဝန် ရှိသူတွေဟာ တစ်ဦးချင်း အလိုက် တရားဝင် တောင်းပန်ဖို့ တို့ကို အစီရင်ခံ စာက အကြံပြုထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ