မြန်မာဘက်က ဗုံးကြောင့် တရုတ် ယူနန်ဒေသခံတွေ ဒေါသထွက်

ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာဘက်ကနေ ကျလာတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တာအပေါ် တရုတ် ဝန်ကြီးချုပ် တုန့်ပြန် ပြောကြား

တရုတ်မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက် အခြမ်းမှာ နေထိုင်နေတဲ့ တရုတ် ပြည်သူ တွေရဲ့ လုံခြုံရေးအတွက် အစိုးရအနေနဲ့ အစွမ်းကုန် ကာကွယ် သွားမယ်လို့ တရုတ် ဝန်ကြီးချုပ် လီကွတ်ချန်က ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရုတ်မြန်မာ နယ်စပ် တရုတ်ပြည် ဘက်ခြမ်း ယူနန် ပြည်နယ် ဘက်မှာ ဗုံးတလုံး ကျမှန်ပြီး တရုတ်နိုင်ငံသား ၄ဦး သေဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တဦး ဒေါသတကြီး မေးလာတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားစဉ်မှာ အခုလို ပြောသွားခဲ့တာပါ။

ထိခိုက် သေဆုံး ဒဏ်ရာ ရခဲ့သူတွေအတွက် အထူး စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စနစ်တကျ စစ်ဆေး အရေးယူဖို့ မြန်မာအစိုးရကို တောင်းဆိုထားကြောင်းလည်း ဝန်ကြီးချုပ် လီကွတ်ချန်က ပြောသွားပါတယ်။

လောလောဆယ် အဲဒီဒေသမှာ တရုတ်အစိုးရဘက်က ကင်းထောက်လေယာဉ်တွေ စေလွှတ်ထားပြီး နောက်ထပ် ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာရင် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မြန်မာအစိုးရကို သတိပေး ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ် မဖြစ်ခင် ရက်ပိုင်းလောက်ကလည်း တရုတ်ဘက် အခြမ်းကို မြန်မာဘက်ကနေ ကျလာတဲ့ ဗုံးထိမှန်ပြီး အိမ်တလုံး မီးလောင် ပျက်စီးသွားခဲ့တာမို့ ယူနန်ပြည်နယ် ဒေသခံတွေကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က ကာကွယ် တားဆီးတာမျိုး မရှိခဲ့ဘူး ဆိုပြီး အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

အခုအခါ ယူနန်ကနေ မြန်မာပြည်ထဲ သွားတဲ့ လေယာဉ် ခရီးစဉ်တွေကို ဆိုင်းငံ့ထား လိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ အိမ်နီးချင်း တိုင်းပြည်တွေနဲ့ နယ်စပ် ပြဿနာတွေ ကြုံရတတ်လေ့ ရှိတာမို့ အခု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့်တော့ တရုတ်မြန်မာ ဆက်ဆံရေးကို ဆိုးဆိုး ဝါးဝါးကြီး ထိခိုက်သွားမယ့် ပုံမျိုးတော့ မတွေ့ရဘူးလို့ တရုတ်မြန်မာအရေး လေ့လာ သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။