ရခိုင် သင်္ဘောမြုပ်မှု ပျောက်ဆုံးသူတွေ ရှိဆဲ

ferry
Image caption သင်္ဘောမြုပ်မှုက လွတ်လာတဲ့ ခရီးသည်တွေ

ရခိုင်ပြည်နယ် မြေပုံ မြို့နယ် နောင်တော်ကြီး မြစ်ထဲ မှာ အောင်တံခွန် (၃) သင်္ဘော နစ်မြုပ် ခဲ့ပြီးတဲ့နောက် အသက် ဆုံးရှုံးခဲ့ရသူ တွေရဲ့ အလောင်း တွေကို ရှာဖွေ ဆယ်ယူမှု တွေ လုပ်နေပြီး နောက်ထပ် ပျောက်ဆုံးသူ ကတော့ (၁ဝ)ဦးပဲ ကျန်တော့တယ် လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပြောပါတယ်။

အခု အထိတော့ အလောင်း (၃၅)လောင်း ဆယ်ယူထား ပြီး အသက် ရှင်လျက် (၂)ဦး ထပ်မံ တွေ့ရှိ တဲ့အတွက် စုစုပေါင်း ကယ်ဆယ် ထားသူ ဦးရေက (၁၆၉) ဦးရှိ တယ်လို့ ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်။

လောလောဆယ်မှာ သင်္ဘော နစ်မြုပ်တဲ့ နေရာနား တဝိုက် ရှာဖွေ ကယ်ဆယ် မှုတွေ ကို အစိုးရ နဲ့ ရခိုင် အရပ်ဘက် အဖွဲ့တွေက ဆောင်ရွက်နေပြီး ပျောက်ဆုံးနေသူ ဦးရေ က (၁ဝ)ဦးပဲ ကျန်တော့တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။

ကယ်ဆယ် မှုတွေ လုပ်နေတဲ့ ရခိုင် အရပ်ဘက် အဖွဲ့တွေကတော့ ခရီးသည်တွေ လက်မှတ် မပါဘဲ စီးနင်းတတ်မှုကြောင့် ပျောက်ဆုံးသူ ဦးရေ (၁ဝဝ) ကျော် လောက်ရှိမယ်လို့ ခန့်မှန်းကြောင်း မဒေးကျွန်း ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးထွန်းကြည် က ပြောပါတယ်။

သင်္ဘော ခန်းတွေထဲ ပိတ်မိ သေဆုံးသူတွေ များတယ်လို့ ယုံကြည်ကြလို့ ရေငုပ် သမားတွေနဲ့ တနင်္လာ နေ့မှာ ရှာဖွေရေးတွေ ဆက်လုပ်မယ် လို့လည်း သူက ပြောပါတယ်။

နစ်မြုပ်စဉ် သင်္ဘောပေါ်မှာ လိုက်ပါလာသူ တွေနဲ့ အသက် ဆုံးရှုံး ခဲ့သူ ဦးရေ နဲ့ ပတ်သက်လို့ အပြင် စကားတွေသာ ဖြစ်ပြီး ခရီးသည် ၂၁၄ ယောက်ထက် ပိုပြီး လိုက်ပါလာမယ်လို့ မယူဆကြောင်း ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောပါတယ်။

နစ်မြုပ်စဉ်က ရေလယ်ခေါင် ဖြစ်နေလို့ ခရီးသည်တွေ ဖုန်းနဲ့ ဆက်သွယ်ရေးတွေ မရကြောင်း၊ သင်္ဘောပေါ် အသက်ကယ် ပစ္စည်း အလုံအလောက် မပါကြောင်းလည်း သူက ပြောပါတယ်။

သင်္ဘော နစ်မြုပ်ရတာ နဲ့ ပတ်သက် လို့ တော့ လောလောဆယ်မှာ စုံစမ်းစစ်ဆေး မှုတွေ လုပ်နေ ပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး သိရှိနိုင်အောင် အစိုးရက စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ ပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ