ပညာရေးဥပဒေ ပြင်ဆင်ရေး လွှတ်တော် ဥပဒေကြမ်းကော်မတီ ကြားနာ

Students at Burma Parliament
Image caption ပညာရေး ဥပဒေ ပြင်ဆင်ရေး ကြားနာပွဲက ဒီမိုကရေစီ ပညာရေး လှုပ်ရှားအမှု ဦးဆောင် ကော်မတီ ကျောင်းသားများ

လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြုလုပ်တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကြားနာပွဲကို မြေလတ်နဲ့ တကသ ကျောင်းသားတွေ တက်ရောက် ခဲ့ကြပါတယ်။

လက်ပံတန်းမှာ ဖြိုခွဲ ခံခဲ့ကြရတဲ့ ဗကသ ကျောင်းသားကိုယ်စားလှယ်တွေတော့ ဒီကနေ့ ကြားနာပွဲကို တက်ရောက်ခြင်း မရှိပါဘူး။

ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့ လေးပွင့်ဆိုင် ဆွေးနွေးကြပြီးနောက်မှာ အမျိုးသားပညာရေးဉပဒေကို ပြင်ဆင် ရေးဆွဲဖို့လွှတ်တော်ထဲ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဥပဒေပြင်ဆင်ရေးကို ဦးဆောင်တောင်းဆိုခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ မန္တလေးရန်ကုန် ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်း မြို့မှာ အစိုးရက ဖြိုခွဲ ခဲ့တဲ့အတွက် ဗကသရဲ့ကိုယ်စားလှယ် တချို့ အဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ဗကသက အခုကြားနာပွဲကို တက်ဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ကြားနာပွဲ မတိုင်ခင်မှာ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ကျောင်းသားကိုယ်စားလှယ် ၉ ယောက်က ၈၈တုန်းက တံတားဖြူမှာ တက္ကသိုလ် ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ဖြစ်ရပ်၊ လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ ဖြစ်ရပ်ကို ဝမ်းနည်းတဲ့ အထိမ်းအမှတ် အဖြစ် လက်ပတ်နက်တွေပတ်၊ တကသ အလံကိုကိုင်ပြီး တမိနစ် ငြိမ်သက်တဲ့ လှုပ်ရှားမှု လုပ်ခဲ့တယ်လို့ မကွေး နည်းပညာ တက္ကသိုလ်က မြေလတ် ဗကသ ကျောင်းသား ကိုချစ်ဝင်းမောင်က ဘီဘီစီကို ပြောပါတယ်။

ဒီလှုပ်ရှားမှုအတွက် ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိဘူး လို့လည်း သူက ပြောပါတယ်။

လောလောဆယ် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး အတွက် အစိုးရနဲ့ တွေ့ဆုံပြီး တိုက်ရိုက် မေးမြန်း တောင်းဆိုသွားမယ်လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ