တနိုင်ငံလုံး အပစ်ရပ်ရေး ၇ ကြိမ်မြောက် ဆွေးနွေး

Image caption ကျန်နေတဲ့ အချက် ၈ ချက် ပြီးပြတ် ရင်တော့ သင်္ကြန် အပြီး လောက်မှာ လက်မှတ် ထိုးဖို့ မှန်းထား

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ NCCT ကိုယ်စား လှယ်တွေ ဟာ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် အတွက် ၇ ကြိမ်မြောက် စတင် ဆွေးနွေး ခဲ့ကြပါပြီ။

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ အင်္ဂါနေ့က စတင် လိုက်တဲ့ ဒီ ဆွေးနွေးပွဲဟာ၊ ၅ လကျော် နီးပါး ရပ်နား ထားရာ ကနေ ပြန်လည် စတင် ခဲ့တာ ဖြစ်ပြီး ပထမနေ့ အပြီး မှာတော့ နှစ်ဖက် သဘောတူ တိုးတက်မှု တစ်ချို့ ရရှိ ခဲ့ပါတယ်။

ကိုးကန့် ကိစ္စကိုတော့ သီးခြား မဆွေးနွေး တော့ပဲ ဒုတိယ အဆင့် ရောက်မှ ထပ် ဆွေးနွေးမယ် ဆိုပြီး သဘောတူ လိုက်တာဟာ၊ ဆွေးနွေးပွဲ ရှေ့ ကို ရောက်လာ တယ်လို့ ပြော ရမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ မတိုင်ခင် အရင် တရက်မှာ ကေအိုင်အို အထူး ကိုယ်စားလှယ် တွေဟာ သမ္မတ ဦးသိန်းစိန် နဲ့ရော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံ နိုင်ခဲ့ ကြလို့ အခု ဆွေးနွေးပွဲ ကနေ အပစ် အခတ် ရပ်ရေး သဘောတူ မူကြမ်း ဒီတစ်ခေါက် ထွက်လာဖို့ ရှိတယ် လို့ နှစ်ဘက် စလုံးက ပြောကြ ပါတယ်။

သမ္မတ နဲ့ တွေ့ဆုံ ရာမှာ ကေအိုင်အို ရဲ့ ရှေ့မျှော်မှန်း ချက်တွေကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ သလို၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စလည်း ပွင့်ပွင့် လင်းလင်း ဆွေးနွေး ခဲ့တယ် လို့ NCCT ဒုတိယ ခေါင်းဆောင် ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကပြော ပါတယ်။

ဆွေးနွေးပွဲကို ၆ ရက် လျာထားပြီး ဗုဒ္ဓဟူး နေ့မှာတော့ အပစ် အခတ် ရပ်စဲရေး တပ်ပိုင်း ဆိုင်ရာကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

သဘောတူဖို့ ကျန်နေတဲ့ အချက် ၈ ချက် ကို ဒီတစ်ခေါက် ဆွေးနွေး ကြမှာ ဖြစ်ပြီးတော့၊ ပြီးပြတ် သွားပြီ ဆိုရင် တော့ မဟာ သင်္ကြန် အပြီး လောက်မှာ လက်မှတ် ထိုးဖို့ မှန်းထား တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ