ဆိုလာ လေယာဉ် မန္တလေးမှာ တထောက်နား

ဓာတ်ပုံ မူပိုင် epa
Image caption နေရောင်ခြည် စွမ်းအင် သုံးခြင်းရဲ့ အကျိုး ကျေးဇူးတွေကို လေယာဉ်မှူးတွေက ပညာပေး ရှင်းပြခဲ့

မတ်လ ၉ ရက်က UAE အာရပ် စော်ဘွား များ နိုင်ငံကနေ စတင် ပျံသန်းလာတဲ့ Solar impulse 2 နေရောင်ခြည် စွမ်းအင်သုံး အပေါ့စား လေယာဉ်ပျံဟာ အိန္ဒိယနိုင်ငံ ဗာရာဏသီ မြို့ကနေ တဆင့် မန္တလေးမြို့ လေဆိပ်ကို ကြာသပတေးနေ့ ညဦးပိုင်းက ဆိုက်ရောက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်း ၅ နာရီခွဲ လောက်က အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ကနေ လေယာဉ်မှူး Bertrand Piccard မောင်းလာ တဲ့ အဲဒီ လေယာဉ်ဟာ ည ၇နာရီခွဲလောက်မှာ မန္တလေး တံတားဦး လေဆိပ်ပေါ်မှာ ဝဲပျံ ပြခဲ့ပြီး ည ၈နာရီ ထိုးခါနီး ၅ မိနစ် အလိုမှာ ပြေးလမ်းပေါ် ဆင်းနိုင်ခဲ့ပါတယ်။

လေယာဉ် ကိုယ်ထည်ကို အပါးလွှာဆုံး တည်ဆောက် ထားပြီး ခရီးသည်တင် လေယာဉ်တွေလို ဝမ်းဗိုက် ကျယ်ကြီးနဲ့ လုပ်ထားတာ မဟုတ်ဘဲ လေယာဉ်မှူး တယောက်ထိုင်စာပဲ ခေါင်းပိုင်းအကျယ် ရှိကြောင်းနဲ့ တောင်ပံ ၂ဖက် အရှည်ကတော့ ပေ ၂၃၀ ကျော်လောက် ရှည်ပြီး နောက်မြီးပိုင်းက ကိုယ်ထည်ရဲ့ အပေါ်ဖက်ရော အောက်ဖက်မှာပါ ထွက်နေတာကိုတွေ့ရတယ်လို့ အဲဒီမှာ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။

လေယာဉ်မှူး Bertrand piccard က ပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ နည်းပညာတွေ၊ နေရောင်ခြည် စွမ်းအင်နဲ့ ထပ်ပြန်တလဲလဲသုံးလို့ ရတဲ့ စွမ်းအင်တွေကို သုံးတာဟာ တိုင်းပြည် တိုးတက်ဖို့ ဖြစ်သလို လူမှု ဆက်ဆံရေးနဲ့ ရေရှည် ငြိမ်းချမ်းရေးတွေ အတွက်လည်း အထောက်ကူ ပြုမယ့် အင်အားတွေ ဖြစ်တယ်လို့ လာရောက် ကြိုဆိုတဲ့ လူအုပ်ကြီးကို ပြောပြခဲ့ပါတယ်။

တဆက်တည်းမှာ မျိုးဆက်သစ်တွေကိုလည်း နေရောင်ခြည်နဲ့ ပတ်သက်တဲ့ ဆန်းသစ် တီထွင်မှုတွေ လုပ်လာဖို့ တွန်းအားတွေ ဖြစ်လာမှာပါလို့ ပြောသွားပါတယ်။

တွဲဖက် လေယာဉ်မှူး ဖြစ်တဲ့ Andre Borschberg ကတော့ မန္တလေး လေဆိပ်ကနေ အသင့်စောင့်ပြီး လေယာဉ်ဆင်းဖို့ ထိန်းသိမ်းဖို့တွေကို ကိုယ်တိုင် စီမံပေးခဲ့ပါတယ်။

ဆိုလာ လေယာဉ်ပျံ ဆိုက်ရောက်လာချိန်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ သမတရုံး ဝန်ကြီး ဦးစိုးသိန်းတို့ လာရောက် ကြိုဆို နှုတ်ဆက်ခဲ့သလို ဆွစ်ဇာလန် သံအမတ်ကြီးလည်း လာရောက် ကြိုဆိုခဲ့ပါတယ်။

ဆိုလာ လေယာဉ်ရဲ့ စုစုပေါင်း အလေးချိန်ဟာ ပိဿာ ၁၄၀ဝ ကျော်ဘဲရှိပြီး အမြင့်ပေ သောင်း၂ထောင်ကျော်မှာ တနာရီကို ကီလိုမီတာ ၇၀ နှုန်း မောင်းနိုင်တယ်လို့လည်း သိရပါတယ်။

Solar impulse 2 စထွက်ခဲ့ ကတည်းက ဆိုရင် မန္တလေးမြို့ဟာ ၄နေရာမြောက် ဆင်းတာ ဖြစ်ပြီး ဒီနောက်မှာ တရုတ်နိုင်ငံ ချုန်ကျင်းနဲ့ နန်ကျင်းကို ဆက်သွားပြီး အဲဒီကမှ တဆင့် အမေရိကန်၊ ဥရောပနဲ့ အာဖရိက နိုင်ငံတွေကို ပတ်ပြီး ပျံသန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။