မစ်စ် ယန်ဟီးလီး မြန်မာပြည်ကို ထပ်လာနိုင်ဖို့ မျှော်လင့်

  • 19 မတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption မစ်စ် ယန်ဟီးလီးရဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်စ် ယန် ဟီးလီးက သူ့ကို မြန်မာအစိုးရက မြန်မာနိုင်ငံကို ပြန်လာဖို့ ဖိတ်ခေါ်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

သံဃာတပါးဖြစ်တဲ့ အရှင် ဦးဝီရသူက သူ့အပေါ် ရိုင်းပျတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက် ပြောဆိုခဲ့တာကို မြန်မာ အစိုးရက အရေးယူတာမျိုး မရှိခဲ့တဲ့အတွက် စိတ်ပျက် ခဲ့ရပေမယ့်လည်း သူနောက်တခေါက် မြန်မာပြည်ကို လာရင် သူ့လုံခြုံရေးအတွက် အစိုးရက အာမခံ တာဝန်ယူမယ်လို့ မျှော်လင့်ကြောင်း မစ်စ် ယန် ဟီးလီးက ပြောပါတယ်။

မစ်စ် ယန် ဟီးလီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို ကုလသမဂ္ဂထံ ပြီးခဲ့တဲ့ သီတင်းပတ်က တင်ပြခဲ့အပြီးမှာ ဦးဝီရသူက သူ့ရဲ့ Facebook စာမျက်နှာပေါ်ကနေ မစ်စ် ဟီးလီးကို ထပ်မံ ခြိမ်းခြောက် ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂထံ တင်ပြတဲ့ အစီရင်ခံစာထဲမှာ မစ်စ် ယန် ဟီးလီးက မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့် ဖိနှိပ်ချုပ်ချယ်ခံထားရမှုတွေကို ဝေဖန် ထားသလို ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။