သမ္မတဦးသိန်းစိန် နဲ့ ဘီဘီစီ အင်တာဗျူး (အပိုင်း ၁)

U Thein Sein BBC interview
Image caption နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ခံယူချက်သဘောထား

ဘီဘီစီရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဂျိုနာဖစ်ရှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ အပိုင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်မယ့် အလားအလာ၊ ကျောင်းသားဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းမှု အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

ဂျိုနာဖစ်ရှာ -- သမ္မတကြီးခင်ဗျား၊ သမ္မတကြီး နိုင်ငံတော်ကို တာဝန်ယူတာ လေးနှစ်ရှိပါပြီ။ အခုလုပ်နေတဲ့ ဒီမိုကရေစီကို ရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဘာကြောင့် လုပ်ခဲ့သလဲဆိုတာ ဘယ်သူကမှ တိတိကျကျ ပြည့်ပြည့်စုံစုံ ပြောဆိုတာမျိုး မကြားခဲ့ရသေးပါဘူး။ လူတွေကတော့ ပြောကြပါတယ်၊ စီးပွားရေးကြောင့်၊ တရုတ်အပေါ် မှီခိုအားထားနေရတာတွေ လျော့နည်း သွားအောင် ဒီလို ပြင်ပကမ္ဘာနဲ့ ဆက်ဆံပြီး ဒီလို နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွေ လုပ်တာလို့ တချို့ကပြောကြပါတယ်။ သမ္မတကြီး ဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တာ ဘာကြောင့်ပါလဲ။

ဦးသိန်းစိန် -- ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ တပ်မတော် အစိုးရ အနေနဲ့ အုပ်ချုပ်လာတာ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပါတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီ စနစ်ကို လိုလားနေကြာတာ ဖြစ်သည့်အတွက် တပ်မတော်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အစကို ပျိုးခဲ့ပါတယ်။ အစပျိုးခဲ့လာတာ ပြုပြင်ပြောင်းလဲရေး ၇ ချက်နဲ့တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ လာတယ်။ စစ်တပ်အုပ်ချုပ်တဲ့ စနစ်ကနေ ပြည်သူကရွေးချယ်တဲ့ အရပ်သား အုပ်ချုပ်တဲ့စနစ်ကို သွေးထွက်သံယိုမှု နည်းနည်းနဲ့ သွေးထွက်သံယိုမှု မရှိဘဲနဲ့ ငြင်ငြင်သာသာ နဲ့ကျွန်တော်တို့ ကူးပြောင်း နိုင်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခု လုပ်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။ အမှန်ကတော့ တရုတ်နိုင်ငံရဲ့လွမ်းမိုးမှု လျော့အောင်တို့ ဘာတို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ပြည်သူတွေရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒကို ဖြည့်ပေးခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ဆန္ဒကလည်း အဓိက ကျတာ နှစ်ခုပါပဲ။ တစ်ခုကတော့ တိုင်းပြည်မှာ အေးအေးချမ်းချမ်းနဲ့တည်တည်ငြိမ်ငြိမ် နဲ့ ရှိခြင်တယ်။ လှုမှုစီးပွား ဘ၀တွေ တိုးတက် ဖွံ့ဖြိုးလာချင်တယ်။ ပြည်သူ့ဆန္ဒကို အဓိက ထားပြီးတော့ပဲ ပြုပြင်ပြောင်းလဲမှု အဓိက လုပ်ခြင်းဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေနဲ့သက်ဆိုင် ပတ်သက်ခြင်း မရှိပါဘူး။

မေး -- အခု ကျွန်တော်တို့ တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်းပြန်မလှည့်တော့တဲ့ အနေအထားကို ရောက်နေပြီလား။ အခုရနေတဲ့ လွတပ်လပ်ခွင့် တွေဟာ စစ်တပ်ကြောင့် တစ်မျိုး တစ်ဖုံ ပြောင်းလဲပြီး နောက်ကြောင်းပြန်လှည့်တာမျိုး ဖြစ်သွားနိုင်ပါသေးလား။

ဖြေ -- ကျွန်တော် ပြောရဲပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်းပြန်လှည့်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးတွေကို wave by wave နဲ့ တစ်ဆင့်ပြီး တစ်ဆင့် သွားနေတာ ဖြစ်ပါတယ်။ နောက်ကြောင်းကိုပြန်ပြီး လှည့်စရာ မရှိပါဘူး။ လက်ရှိမှာလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နေပါတယ်။ ပုံမှန်လည်း လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။

မေး -- ပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်ဆိုင်းနေပြီလို့ တချို့က ပြောကြပါတယ်။ သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမယ့် စစ်တပ်က လုပ်ပိုင်ခွင့် အာဏာတွေ ရှိနေတုန်းဆိုတော့ တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ အနေအထားမှာ ရှိနေပါသလား။

ဖြေ -- ပြုပြင်ပြောင်းလဲရေးတွေဟာ ရပ်ဆိုင်းနေတယ် ဆိုတာ လုံး၀ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အရှိန်အဟုန်နဲ့ သွားနေခြင်းပဲ ဖြစ်ပါတယ်။ စောစောက ပြောသလိုပါပဲ။ ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန်နဲ့ တွန်းအားပေးပြီး တော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမ first wave မှာ သွေးထွက်သံယို မရှိဘဲ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနိုင်တယ်။ second wave ကတော့ပြည်သူတွေ လိုလားနေတဲ့ တည်ငြိမ်အေးချမ်းတဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ၊ နောက် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်ရေးတွေ ကို အရှိန်အဟုန် နဲ့ ပြောင်းလဲ လာခဲ့တယ်။ အဲဒါတွေက second wave ပါ။ Third wave က အခုသွားနေတယ်။ အစိုးရ သက်တမ်း ကလည်း တစ်နှစ်လောက်ပဲ ကျန်တော့တယ်။ တစ်နှစ်လောက် ကျန်တဲ့ကာလမှာ ကျွန်တော်တို့လုပ်ထားတဲ့လုပ်ငန်းတွေရဲ့ အောင်မြင်မှု database ကို အခြေခံပြီးတော့မှ ပြည်သူလူထုကို လတ်တလော အကျိုးခံစားခွင့်ရမယ့် ဟာတွေ၊ နောက် ရေရှည် အတွက် အခြေအနေကောင်းတွေကို အုတ်မြစ်ကောင်းတွေကို ချထားမယ်။ ဒါတွေကို အင်တိုက်အားတိုက်နဲ့ လုပ်နေပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေဟာ တုံ့ဆိုင်းသွားတယ် လုံး၀ ရပ်ဆိုင်း သွားတယ်ဆိုတာ လုံး၀ မမှန်ပါဘူး။ တပ်မတော်ကြောင့် ပြုပြင်ပြောင်းလဲရေးတွေ တုံ့ဆိုင်းသွားရတာ၊ နှေးကွေးသွားရတာ လုံး၀ မဟုတ်ပါဘူး။ တပ်မတော်က party politics ကို မလုပ်ပါဘူး။ အမျိုးသား နိုင်ငံရေးကို လုပ်တာပဲ ဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးကို လုပ်တာ မို့လို့တပ်မတော် အနေနဲ့ ပြည်သူတွေအတွက် အကျိုးရှိတာ မှန်သမျှကို ဘယ်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်း ဆောင်ရွက် နိုင်တာ ဖြစ်ပါတယ်။ တပ်မတော်ကြောင့် နှေးကွေးသွားတာ၊ တုံ့ဆိုင်းသွားတာ မဟုတ်ပါဘူး။

Image caption လိုအပ်သမျှ နိုင်ငံရေးမှာ တပ်မတော်က ဆက်ပါနေမယ် လို့ဆို

မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ

မေး -- ဒီလိုဆိုရင် မြန်မာ့ ဒီမိုကရေစီရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ကြီးကြီးမားမား ဆက်ပြီးတော့ ရှိနေဦးမှာပါလဲ။ သမ္မတကြီးရဲ့ အမြင်ကို သိပါရစေ။

ဖြေ -- ဒီမိုကရေစီ စနစ်ကို ပြုပြင်ပြောင်းလဲ ဖို့တပ်မတော်က ပုံဖော်ပေးတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းက ဒီမိုကရေစီ စနစ်ကို ပြုပြင်ပြောင်းလဲဖို့ road map ၇ ချက်ကို ချပြီး တစ်ဆင့်ပြီး တစ်ဆင့် ဒီမိုကရေစီစနစ် ကို ပြောင်းလဲ လာတာဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲတာမှာ တပ်မတော်က အဖက်ဖက် ကနေ အကူအညီ ပေးနေတာပဲ ဖြစ်ပါတယ်။

မေး -- မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လုံးဝ မပါတော့တဲ့ အထိ သမ္မတကြီး အနေနဲ့ လုပ်ဆောင်သွားဖို့ ရည်မှန်းချက် ရှိပါသလား။

ဖြေ -- မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ကို ချန်ထားခဲ့လို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော် က ပြည်သူလူထုနဲ့ လက်တွဲပြီးမှ တစ် အချက်က လွတ်လပ်ရေးကို ရယူပေးခဲ့တယ်။ နောက်တစ်ခုက တိုင်းပြည်မှာ အခက်အခဲတွေ ပြသနာတွေ တိုင်းပြည် ပြိုကွဲပျက်စီးမယ့် အခြေအနေမျိုး ကြုံတွေ့တိုင်းမှာ တပ်မတော်က ဝင်ရောက် ကယ်တင်ခဲ့ရတာပဲ ချည်းပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ရဲ့နိုင်ငံရေးမှာ တပ်မတာ်က သူ့ကို ချန်ထားခဲ့လို့တော့ မရဘူး။ သို့သော်လည်းပဲ တပ်မတော် သားတွေဟာ ပါတီဝင် မဟုတ်ပါဘူး။ ပါတီ နိုင်ငံရေးကို မလုပ်ပါဘူး ။အမျိုးသား နိုင်ငံရေးကို တော့ ဆက်ပြီး လုပ်သွားမှာ ဖြစ်ပါတယ် ။ တိုင်းပြည်အတွက် အကျိုးရှိမယ့် အမျိုးသား နိုင်ငံရေး တိုင်းပြည် အတွက် လုပ်သွားတာပါ။ တိုင်းပြည်အတွက်ပဲ ဦးတည်ပြီးလုပ်သွားမှာပါ။သူတို့မှာ ပါတီနိုင်ငံရေး ဆိုတာ မရှိပါဘူး။ ပါတီဝင်တွေလည်း မဟုတ်ပါဘူး။ တပ်မတော် ရဲ့အဓိက အလုပ်က နှစ်ခုပါ။ တစ်ခုကတော့ တိုင်းပြည်မှာ လိုအပ်လာလို့ရှိရင် တိုင်းပြည်ကို ကာကွယ်ဖို့အတွက် စစ်တိုက်ဖို့က သူတို့ရဲ့ အဓိက အလုပ်တစ်ခုပါ။ စစ်တိုက်ဖို့မရှိဘူးဆိုရင် ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို ပါဝင်ကူညီဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ပါဝင်ကူညီ ဆောင်ရွက်ခြင်းဟာ national politics ပဲ ဖြစ်ပါတယ်။

မေး -- အဲဒီတော့ တပ်မတော်္ လွှတ်တော်ထဲမှာ၂၅ ရာခိုင်နှုန်း ဆက်လက်ပါဝင်နေဦးမယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေမှာ ဗီတိုသုံးပယ်ချခွင့် ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောလား။

ဖြေ -- မှန်ပါတယ် လွတ်တော် ထဲမှာ တပ်မတော်က ၂၅ ရာနှုန်းပါဝင်နေပါတယ်။ ၂၅ ရာနှုန်း ပါဝင်ရတဲ့အကြောင်းရင်းကလည်း စောစော က ပြောသလို မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ချန်လှပ် ထားခဲ့လို့မရလို့ ဖြစ်ပါတယ်။ သူလုပ်နေတာ ပါတီ တစ်ခုအတွက် မဟုတ်ပါဘူး။ နိုင်ငံအကျိုးအတွက်ကာ ကွယ်စောင့်ရှောက်ဖို့ပါဝင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ Balance ဖြစ်အောင်လုပ်ဖို့ ပါဝင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ ဒီမိုကရေစီ စနစ်ကိုပြောင်းတာ လေးနှစ်ပဲ ရှိသေးတယ်။ ဒီမိုကရေစီ အတွေ့အကြုံတွေကလည်း အင်မတန်မှ နည်းသေးတယ်။ အလေ့အကျင့်တွေကလည်း အင်မတန်မှ နည်းသေးတယ်။ ဒီမိုကရေစီ အတွေ့အကြုံတွေဒီမိုကရေစီ အလေ့အထ တွေ ပါတီတွေက ရင့် ကျက် လာတာနဲ့ အမျှ တပ်မတော်က သူရဲ့အခန်းကနေ တဖြည်းဖြည်း ပြောင်းလဲ သွားမှာဖြစ်ပါတယ်။

မေး -- တဖြည်းဖြည်းဆိုတာက ဘယ်လိုမျိုးလဲခင်ဗျ၊ လာမယ့် လွှတ်တော် သက်တမ်းမှာ တပ်မတော်က ကိုယ်စားပြုတဲ့ အရေအတွက် လျှော့ချတာ မြင်ရနိုင်ပါသလား၊ ဒါမှ မဟုတ် ဒီလို တဖြည်းဖြည်းချင်း လျှော့ချဖို့ အချိန်တော်တော် ယူရဦးမှာပါလား။

ဖြေ -- ကျွန်တော်ပြောချင်တာက ဒီမိုကရေစီ စနစ်ကို ပြောင်းလဲစမှာ တပ်မတော်ရဲ့ အခန်း ပါဝင်နေတာဟာ ကျွန်တော်တို့တစ် နိုင်ငံ တည်း မဟုတ်ပါဘူး။ အင်ဒိုနီးရှားလည်း ဒီမိုကရေစီ စနစ်ကို ပြောင်းတာ ကျွန်တော်တို့ ကမှ လွှတ်တော်ထဲမှာ ၂၅ ရာနှုန်းပဲ ပါတယ်။ အင်ဒိုနီးရှားဆို ၄၀ ရာနှုန်းထိပါ ပါတယ်။ တဖြည်းဖြည်းနဲ့သူဟာနဲ့ သူ လျှော့သွားတာပဲ ဖြစ်ပါတယ်။ နှစ်အကန့် အသတ်တော့ ပြောရတာ ခက်ပါတယ်။ သို့သော်လည်း တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အလေ့အထတွေ များလာတယ် ရင့်ကျက်လာတယ်ဆိုရင် တပ်မတော်ကလည်း တဖြည်းဖြည်းနဲ့လျော့သွားမှာ ဖြစ်ပါတယ်။ ဒါကလည်း ပြည်သူ့ဆန္ဒအပေါ် မူတည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိမရှိ၊ ကျောင်းသားဆန္ဒပြသူတွေကို ရဲတွေက အကြမ်းဖက်ဖြိုခွဲခဲ့ခြင်း၊ တရုတ်နယ်စပ်က တိုက်ပွဲတွေအကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားထားတဲ့ ဒုတိယပိုင်းကို ဒီနေရာမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ အပိုင်း (၂)